ဒေါ်အောင်ဆန်းစုကြည် တောင်ကိုရီးယား သမ္မတနဲ့ တွေ့ဆုံမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်နိုင်ငံ ဟာဝိုင်ယီပြည်နယ် ကနေထွက်ခွာပြီး၊ ဒီကနေ့ တောင်ကိုရီးယား စံတော်ချိန် ညနေ ၆ နာရီ ခွဲလောက်မှာ ဆိုးလ်မြို့တော်ကို ရောက်ရှိမှာဖြစ် ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တောင်ကိုရီးယားနိုင်ငံ၊ ဆိုလ်းမြို့တော်ရှိ အင်ချွန်းလေဆိပ်သို့ ရောက်ရှိလာစဉ်။ Photo:NLD-LA, Korea ဌာနခွဲ

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တဝိုက်မှာ နေထိုင်အလုပ်လုပ်ကိုင်နေကြသူ မြန်မာနိုင်ငံသား နှစ်ရာနီးပါးလောက်က ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ကို အင်ချွန်း (Incheon) နိုင်ငံတကာလေဆိပ်မှာ ကြိုဆိုဖို့ ပြင်ဆင်နေကြပါတယ်။

မနက်ဖြန် ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ တောင်ကိုရီးယား လက်ရှိသမ္မတ လီမြောင်ဘတ် Lee Myaung-Bak အပြင် မကြာသေးမီက ရွေးကောက်တင်မြှောက်ခံရတဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ ပထမဆုံးအမျိုးသမီး သမ္မတအသစ် Park Geun-hye တို့နဲ့ တွေ့ဆုံဆွေးနွေးပါမယ်။

မစ္စစ် ပတ်ခန်ဟေး Park Geun-hye ဟာ နောက်လထဲမှာ တောင်ကိုရီးယားသမ္မတအဖြစ် တာဝန်ထမ်းဆောင်တော့မှာ ဖြစ်ပါတယ်။

မနက်ဖြန်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ တောင်ကိုရီးယားနိုင်ငံ ပြုန်ချမ်း Pyeongchang မြို့မှာကျင်းပမယ့် အထူးအိုလံပစ် အားကစားပွဲတော် Special Olympics ဖွင့်ပွဲအခမ်းအနားကို တက်ရောက်မှာဖြစ်ပါတယ်။

ဒါ့အပြင် လာမယ့်ဗုဒ္ဓဟူးနေ့မှာ အိုလံပစ်ပွဲတော်မှာ ကျင်းပမယ့် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး ထိပ်သီးညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမှာ ဖြစ်ပြီး အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ဂွမ်ဂျူးမြို့မှာ သူ့ကို ၂၀၀၄ ခုနှစ်က ပေးအပ်ခဲ့တဲ့ လူ့အခွင့်အရေးဆုကို လက်ခံရယူမှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တောင်ကိုရီးယားနိုင်ငံမှာ ငါးရက်ကြာနေထိုင်မှာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org