ရွေးကောက်ပွဲ တည်ငြိမ်အောင် တာဝန်ယူကြဖို့ ပြည်သူ ကို ဒေါ်အောင်ဆန်းစုကြည် ပန်ကြား

လာမယ့်နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲကို တည်တည်ငြိမ်ငြိမ်နဲ့ဖြစ်ဖို့အတွက် ပြည်သူတစ်ဦး ချင်းစီက တာဝန်ယူပေးကြဖို့ ဒေါ်အောင်ဆန်း စုကြည်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏမြို့ဦးစေတီကွင်းမှာ နိုဝင်ဘာလ ၁ ရက်နေ့ NLD ရွေးကောက်ပွဲအောင်နိုင်ရေး အတွက် ဒေါ်အောင်ဆန်းစုကြည် ဟောပြောနေစဉ် Photo: Kyaw Zaw Win/RFA

လာမယ့်နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲကို တည်တည်ငြိမ်ငြိမ်နဲ့ဖြစ်ဖို့အတွက် ပြည်သူတစ်ဦးချင်းစီက တာဝန်ယူပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏမြို့ဦးစေတီကွင်းမှာ ကျင်းပတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောလိုက် တာ ဖြစ်ပါတယ်။

"ကျမတို့အဖွဲ့ချုပ်ကတော့ ပြည်သူတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ဒီရွေးကောက်ပွဲ အောင်မြင်စွာ ဖြစ်မြောက်ရေး အတွက် ကူညီကြပါလို့ ထပ်တလဲလဲ ကျမတို့က မေတ္တာရပ်ခံပါတယ်၊ တချို့ကတော့ ရွေးကောက်ပွဲနီးလာတာ နဲ့အမျှ ဘယ်လိုမသမာတွေနည်းတွေနဲ့ ရွေးကောက်ပွဲနိုင်အောင် လုပ်ရမယ်ဆိုပြီး စဉ်းစားနေတဲ့သူတွေလည်း ရှိပါတယ်၊ ဒါတွေကို ကျမအနေနဲ့ ပုတ်ခတ်ချင်လို့ တိုက်ခိုက်ချင်လို့ မဟုတ်ပါဘူး၊ အဖြစ်ကို အဖြစ်အတိုင်းမြင် ဖို့လိုပါတယ်၊ ကျမတို့ ကတိနေရာမှာ မလိမ်သင့်အောင်လို့ ပြောတာပါ၊ ကတိဆိုတာ လွန်ကဲတယ်လို့ မရှိနိုင်ဘူးဆိုတာ တရားတော်ထဲမှာလည်း ပါပါတယ်၊ ဒီအခုအခြေအနေထဲမှာလည်း ဒီအတိုင်းပါပဲ"

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က အန်အယ်လ်ဒီ အနေနဲ့ ၁ဝဝ ရာခိုင်နှုန်း နိုင်ခဲ့ရင် အားလုံးနဲ့ လက်တွဲအလုပ် လုပ်သွားမယ်လို့ ပြောပါတယ်။

ပြည်သူတွေလိုလားတဲ့ အပြောင်းအလဲတွေ ဖြစ်လာဖို့ဆိုရင် အန်အယ်လ်ဒီဟာ ၁ဝဝ ရာခိုင်နှုန်း အနိုင်ရမှဖြစ် မှာဖြစ်ကြောင်း၊ အဲ့ဒီလိုနိုင်ရင်တောင် လွှတ်တော်ထဲမှာ ၇၅ ရာခိုင်နှုန်းပဲဖြစ်တဲ့အတွက် ရာနှုန်းပြည့်နိုင်ဖို့ကိုသာ လိုလားကြောင်းပြောပါတယ်။

လွှတ်တော်ထဲမှာ တပ်မတော်သား ၂၅ ရာခိုင်နှုန်းရှိနေတာကို ကန့်ကွက်ရတာဟာ ဂုဏ်သိက္ခာရှိတဲ့ တပ်မတော် ဟာ နိုင်ငံရေးမှာ မပါဝင်သင့်ဘူးလို့ ယူဆတာကြောင့်ဖြစ်ကြောင်းလည်း ပြောပါတယ်။

သုဝဏ္ဏမြို့ဦးစေတီကွင်း ဟောပြောပွဲကို ပရိသတ် တစ်သိန်းနီးပါးလောက် တက်ရောက်ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တာတွေနဲ့ ပရိတ်သတ်နဲ့ အမေးအဖြေတွေကို အာအက်ဖ်အေ ဝိုင်းတော်သား ဦးဝင်းနိုင် က ကောက်နှုတ်တင်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org