ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ် လုံခြုံရေး အာဏာပိုင်တွေ ပူးပေါင်းဆောင်ရွက်မည်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် သြဂုတ်လ ၁၄ ရက်နေ့မှာ ပဲခူးတိုင်း သနပ်ပင်မြို့နဲ့ ပဲခူးမြို့တို့ကို သွားရောက်မယ်လို့ သိရပါတယ်။
-
2011-08-07 -
-
-
ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ပုဂံဒေသကို ဘုရားဖူးထွက်ခဲ့ပြီး အခု ခရီးစဉ်ကတော့ နေအိမ်အကျယ်ချုပ်က လွတ်မြောက်ပြီးနောက် ပထမဆုံး သွားရောက်မယ့် နိုင်ငံရေးခရီးစဉ် ဖြစ်တယ်လို့ အန်အယ်လ်ဒီပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။
“သနပ်ပင်မှာ စာကြည့်ခန်းတခု ဖွင့်လှစ်ပွဲ တက်ရောက်မယ်၊ ပြီးရင် ပဲခူးမှာ ဆရာဦးမြတ်လှအိမ်မှာ စာကြည့်ခန်းတခုဖွင့်ပွဲ တက်မယ်။ အဲဒီစာကြည့်ခန်း နာမည်က ကချင်နာမည်ဗျ။ 'ဂျာမွန်း'၊ ရွှေဝတ်မှုန်လို့ အဓိပ္ပါယ် ရပါတယ်”
ဒေါ်အောင်ဆန်းစုကြည် အခု သွားရောက်မယ့် ပဲခူးတိုင်း စည်းရုံးရေး ခရီးစဉ်အတွက် သက်ဆိုင်ရာ အာဏာပိုင်တွေကို အကြောင်းကြားထားပြီး ဖြစ်ကြောင်း၊ လုံခြုံရေးအတွက် အာဏာပိုင်တွေဘက်က ပူးပေါင်းဆောင်ရွက်ဖို့ ရှိကြောင်း ဦးဉာဏ်ဝင်းက ပြောပါတယ်။
“လုံခြုံရေးနဲ့ ပတ်သက်လို့ သူတို့ အကြံဉာဏ် ပေးတာရော၊ ကျနော်တို့ဘက်က ရှိနေတာရော ပေါင်းပြီးတော့ လုပ်မှာပါ။ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ NLD ကပဲ အဓိက ဦးဆောင် ဆောင်ရွက်မယ်။ သို့သော် အာဏာပိုင် အဖွဲ့အစည်းတွေကလည်း ကျနော်တို့နဲ့ ပူးပေါင်း ဆောင်ရွက်ပါတယ်”
ဒေါ်အောင်ဆန်းစုကြည်ဟာ ခရီးစဉ်အတွင်း ပဲခူးတိုင်း အရှေ့ခြမ်းနဲ့ အနောက်ခြမ်းရှိ မြို့နယ် ၃ဝ နီးပါးက NLD စည်းရုံးရေး အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဖို့ ရှိပြီး ဒီခရီးစဉ်ကို နေ့ချင်းပြန် စီစဉ်ထားတယ်လို့လည်း သိရပါတယ်။