ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် အမှုကိစ္စတွေ ထုတ်မပြောဖို့ ရှေ့နေ ဦးကြည်ဝင်း တားမြစ်ခံရ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ရဲ့ အမှုနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို သတင်းမီဒီယာတွေနဲ့ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်း တွေကို ထုတ်ဖော်မပြောဖို့ ရှေ့နေ ဦးကြည်ဝင်းကို ဒီနေ့ အောက်တိုဘာလ ၂၃ ရက်နေ့မှာ စစ်ကောင်စီက ပုဒ်မ ၁၄၄ ထုတ်ပြန် ပြီး တားမြစ်ခံလိုက်ရပါတယ်။
- 2021-10-23
-
-
-
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ရဲ့ အမှုနဲ့ပတ်သက်တဲ့ အကြောင်း တွေကို သတင်းမီဒီယာတွေနဲ့ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်း တွေကို ထုတ်ဖော်မပြောဖို့ ရှေ့နေ ဦးကြည်ဝင်း ကို ဒီနေ့ အောက်တိုဘာလ ၂၃ ရက်နေ့မှာ စစ်ကောင်စီက ပုဒ်မ ၁၄၄ ထုတ်ပြန် ပြီး တားမြစ်ခံလိုက်ရပါတယ်။
အဲဒီ အမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေဖြစ်ကြတဲ့ ဦးခင်မောင်ဇော်၊ ဒေါ်စန်းမာလာ ညွန့်၊ ဒေါ်မင်းမင်းစိုးနဲ့ ဦးသဲမောင်မောင်တို့ကို စစ်ကောင်စီက အမှုအကြောင်း ထုတ်ဖော်ပြောဆိုခွင့် ပိတ်ပင်ထားပြီး ဖြစ်တဲ့အတွက် အခုက အဖွဲ့ထဲက နောက်ဆုံးကျန်နေတဲ့ ရှေ့နေဦးကြည်ဝင်းကို ထပ်မံ ပိတ်ပင်တားမြစ် ခံလိုက်ရတာပါ။
ရှေ့နေဦးကြည်ဝင်းက လာမယ့် တနင်္လာနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေကို လိုက်ဖို့တွက် နေပြည်တော်ကို ရောက်နေပေမယ့်လည်း သူ့ကိုပိတ်ပင်တားမြစ်တဲ့ ပုဒ်မ ၁၄၄ ထုတ်လိုက်တဲ့ စာကို ရန်ကုန်မြို့ ၃၅ လမ်း ရှေ့နေဦးကြည်ဝင်းရဲ့ ရုံးခန်းကို လာပို့ခဲ့တာလို့ ဦးကြည်ဝင်းနဲ့နီးစပ်တဲ့ ရှေ့နေ အသိုင်း အဝိုင်းက စုံစမ်းသိရပါတယ်။
လာမယ့် အောက်တိုဘာ ၂၆ ရက် အင်္ဂါနေ့မှာ အဲဒီအမှု အတွက်ပဲ ဒေါ်အောင်ဆန်းစုကြည်က ရုံးတော်မှာ လူကိုယ်တိုင် ထွက်ဆိုဖို့ရှိနေပြီး အဲဒီ ရုံးချိန်းရက် မရောက်မီ သုံးရက်အလို ဒီနေ့ ရှေ့နေ ဦးကြည်ဝင်း ထပ်မံပိတ်ပင်ခံရတာလည်း ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ ဒေါက်တာမျိုးအောင်တို့ သုံးဦးကို စွဲထားတဲ့ ပုဒ်မ ၅၀၅ (ခ) အမှုအတွက် သမ္မတဦးဝင်းမြင့် ကိုယ်တိုင်ထွက်ဆိုခဲ့စဉ်က စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ သူ့ကို စစ်တပ်အရာရှိကြီးတွေက ဖိအားပေး နုတ်ထွက်ခိုင်းတဲ့အကြောင်း ရုံးတော်မှာ ထွက်ဆိုခဲ့ပါတယ်။
အဲဒီအကြောင်းကို ရှေ့နေတွေက ပြည်တွင်း၊ ပြည်ပမီဒီယာတွေကို သတင်းထုတ်ပြန် ပေးပြီးတဲ့နောက် နေပြည်တော်က ရှေ့နေသုံးဦး မီဒီယာတွေကို ထုတ်ပြန်ပြောဆိုဖို့ ပိတ်ပင်ခံခဲ့ရပါတယ်။
ရှေ့နေတွေကို မီဒီယာတွေဆီဖြေဖို့ ကန့်သတ်ထားတာကြောင့် နောက်ပိုင်း တရားရုံးချိန်း တွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားရုံးတော်မှာ ထွက်ဆိုချက်တွေကို အများပြည်သူ သိရှိခွင့် ရှိ၊ မရှိကတော့ မသိရသေးပါဘူး။