ဗိုလ်ချုပ်ကို အတုယူဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
ဒီနေ့ ဖေဖော်ဝါရီလ ၁၃ ရက်မှာ ကျရောက်တဲ့ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၉၉ နှစ်မြောက်မွေးနေ့နဲ့ မြန်မာကလေးများနေ့ အခမ်းအနားကို ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ကျင်းပပါတယ်။
-
2014-02-13 -
-
-
ဒီနေ့ ဖေဖော်ဝါရီလ ၁၃ ရက်မှာ ကျရောက်တဲ့ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၉၉ နှစ်မြောက်မွေးနေ့နဲ့ မြန်မာကလေးများနေ့ အခမ်းအနားကို ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ကျင်းပပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ဒီနေ့ခေတ် လူငယ်တွေအနေနဲ့ ဗိုလ်ချုပ်ရဲ့ နာမည်ထင်ရှားတဲ့ ဂုဏ်ဒြပ်တွေကိုမကြည့်ပဲ ဘာကြောင့် သူ့ကို ပြည်သူတွေက ချစ်ခင်လေးစား ကြည်ညိုသလဲဆိုတဲ့ အကြောင်းကိုသာ စံနမူနာထား လေ့လာအတုယူကြစေလိုတယ်လို့ အဲဒီအခမ်းအနားအတွက် မိန့်ခွန်းမှာ ပြောကြား ခဲ့ပါတယ်။
“ကလေးများအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းဆိုပြီး စဉ်းစားတဲ့အခါမှာ ဂုဏ်ဘက်ကိုမကြည့်ပါနဲ့၊ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ နာမည်ကြီးတယ်၊ ကျော်ကြားတယ်၊ ဂုဏ်ရှိတယ်၊ အဲလိုဘက်က မကြည့်ပါနဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ဘာဖြစ်လို့ ပြည်သူတွေက ချစ်ခင်တယ်၊ လေးစားတယ်၊ အဲဒီအကြောင်းအရင်းတွေကို သေသေချာချာ လေ့လာပါ၊ နောက်ပြီး ကိုယ်ဟာ ကိုယ့်ရဲ့အသိုင်းအဝိုင်း မှာ လူတွေချစ်ခင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်၊ လူတွေလေးစားတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ချင်လို့ရှိရင် အဲဒီလို ကိုယ့်ကိုကိုယ်ဖြစ်အောင်လို့ ပြုစုပျိုးထောင်ကြပါ”
ဒီနေ့အခမ်းအနားမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အမှတ် တရ မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ကလေးတွေပြောပြတဲ့ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြိုင်ပွဲနဲ့ အကပြိုင်ပွဲတွေကိုလည်း ကျင်းပခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အခမ်းအနားကို မန္တလေးမြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာလည်း ကျင်းပခဲ့ပါတယ်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ဖခင် ရှေ့နေ ဦးဖာနဲ့ မိခင် ဒေါ်စုတို့က ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ မကွေးခရိုင် နတ်မောက်မြို့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။