ပုဒ်မ ၄၃၆ ပြင်ဆင်ရေး တိုင်းပြည်ရဲ့ လိုအပ်ချက်ဖြစ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည် ပြော
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဟာ တိုင်းပြည်ရဲ့ လိုအပ် ချက်ဖြစ်တဲ့အ တွက် ပြည်သူတွေအားလုံး အောင်မြင်အောင် လုပ်ဆောင်ကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ကျရောက်တဲ့ သူ့ရဲ့ ၆၉ နှစ်မြောက်မွေးနေ့ မှာ တိုက်တွန်းပြောကြားပါတယ်။
-
2014-06-19 -
-
-
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟာ တိုင်းပြည်ရဲ့ လိုအပ်ချက်ဖြစ်တဲ့အတွက် ပြည် သူတွေအားလုံး အောင်မြင်အောင်လုပ်ဆောင်ကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ဒီနေ့ကျရောက်တဲ့ သူ့ရဲ့ ၆၉ နှစ်မြောက်မွေးနေ့မှာ တိုက်တွန်းပြောကြားပါတယ်။
ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးကို တက်ရောက်လေ့လာခဲ့တဲ့ ပန်းရဲ့လမ်းအဖွဲ့ နဲ့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က အခုလိုတိုက်တွန်းပြောခဲ့တာပါ။
"ဒီ ၄၃၆ ကို အောင်မြင်အောင်လုပ်ကြပါ၊ ၄၃၆ ပြုပြင်ပြောင်းလဲရေး အဲဒါကို အဓိကဇောက် ချပြီးတော့ လုပ်ကြပါ၊ အဲဒါက မွေးနေ့အတွက် ပြောတဲ့ စကားလည်းဖြစ်ပါတယ်၊ အခုအချိန်ခါမှာ နိုင်ငံအတွက် လိုအပ်နေလို့ ပြောတဲ့စကားလည်းဖြစ်ပါတယ်၊ အဲဒါကို သေသေချာချာ စွဲစွဲမြဲမြဲ ခေါင်းထဲမှာထား ပြီးတော့ အောင်မြင်အောင်လုပ်ပါ၊ အဲဒါဆိုလို့ရှိရင် ကျမတို့ ဒီအောင်မြင်မှုအပေါ်မှာ အခြေခံပြီးတော့ အများကြီး တိုးတက်မှာ၊ စောစောက ကျမပြောတာ ပြန်ပြောမယ်နော်၊ လုံးဝကို သံသယမရှိအောင် ပြည်သူအများစုဟာ ၄၃၆ ပြုပြင်ပြောင်းလဲရေးကို လိုအပ်ပါတယ် လိုချင်ပါတယ် လိုလားပါတယ်ဆိုတာ သံသယမရှိအောင်ပဲပေါ့"
ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ပြည်သူတွေရဲ့ လက်မှတ်တွေကောက်ယူနေရာမှာ အချိန်တစ်လတိတိသာ ကျန်တော့ကြောင်းနဲ့ အဲဒီတစ်လအတွင်းမှာလည်း နောက်ထပ် အရှိန်မြှင့်လုပ်ဆောင်ရမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တဲ့ ပုဒ်မဖြစ်တဲ့ ပုဒ်မ ၄၃၆ ကိုပြင်ဆင်ဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က မေလ ၂၇ ရက်ကနေ လာမယ့် ဇူလိုင်လ ၁၉ ရက်နေ့အထိ အချိန်သတ်မှတ်ပြီး လက်မှတ်တွေ ကောက်ယူနေတာဖြစ်ပါတယ်။