ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေး ရည်ရွယ်ချက်နဲ့ ပြစ်ဒဏ်ချခံနေရကြောင်း နိုဘယ်လ်ဆုကော်မတီက ပြော
ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် နောက်ထပ် ထောင်ဒဏ် လေးနှစ် ချခံလိုက်ရတာဟာ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ လုပ်ခံခဲ့ရတာလို့ နော်ဝေနိုင်ငံ နိုဘယ်လ်ဆုပေးရေး ကော်မတီရဲ့ ဥက္ကဋ္ဌက ပြောလိုက်တဲ့အကြောင်း AFP သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။
- 2022-01-10
-
-
-
ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် နောက်ထပ် ထောင်ဒဏ်လေးနှစ် ချခံလိုက်ရတာဟာ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ လုပ်ခံခဲ့ရတာလို့ နော်ဝေနိုင်ငံ နိုဘယ်လ်ဆုပေးရေး ကော်မတီရဲ့ ဥက္ကဋ္ဌက ပြောလိုက်တဲ့အကြောင်း AFP သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။
စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည် ကို စွဲဆိုထားတဲ့အမှု ၁၁ ခုထဲက နောက်ထပ် သုံးမှုအတွက် ထောင်လေးနှစ် ကျခံရမယ်လို့ နေပြည်တော်တရားရုံးက မနေ့ကပဲ အမိန့်ချခဲ့တာပါ။ ဒီဇင်ဘာလတုန်းက ချခံထားရတဲ့ ထောင်ဒဏ် နှစ်နှစ်နဲ့ဆိုရင် စုစုပေါင်း ထောင်ဒဏ် ၆ နှစ် ရှိသွားပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေကို အထူးပဲစိုးရိမ်ရတယ်၊ အခုလိုပြစ်ဒဏ်တွေ ချမှတ်နေတာဟာ ဒေါ်အောင်ဆန်းစုကြည် အတွက် သာမက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ အနာဂတ်ကိုပါ ရိုက်ခတ်မှုတွေ ရှိလိမ့်မယ်လို့လည်း နိုဘယ်လ် ဆုပေးရေး ကော်မတီရဲ့ ဥက္ကဋ္ဌ Berit Reiss-Andersen ကပြောပါတယ်။
အသက် ၇၆ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကိုစွဲဆိုထားတဲ့ အမှုတွေအားလုံး ပြစ်မှုထင်ရှားလို့ အမြင့်ဆုံးထောင်ဒဏ်တွေ ချမယ်ဆိုရင် နှစ်ပေါင်း တစ်ရာနီးပါး အကျဉ်းချခံရနိုင်ဖွယ် ရှိနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကတော့ သူ့အပေါ်စွဲဆိုချက်အားလုံးမှာ အပြစ်မရှိကြောင်း ငြင်းဆိုထားပါတယ်။