ဒေါက်တာဇော်မြင့်မောင်ဘက်က ဒေါ်အောင်ဆန်းစုကြည် သက်သေထွက်မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင် စွဲဆိုခံထားရတဲ့ အဂတိအမှုတွေအတွက် ဒေါ်အောင်ဆန်းစုကြည်က စွပ်စွဲခံရသူဘက်ကနေ သက်သေထွက်ဖို့ ရှိနေတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ဒီနေ့ပြောပါတယ်။

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၇ ခုနှစ်က တွေ့ရစဉ် Photo: Zaw Myint Maung's Facebook
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင် စွဲဆိုခံထားရတဲ့ အဂတိအမှုတွေအတွက် ဒေါ်အောင်ဆန်းစုကြည်က စွပ်စွဲခံရသူဘက်ကနေ သက်သေထွက်ဖို့ ရှိနေတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ဒီနေ့ပြောပါတယ်။
 
ဒေါက်တာဇော်မြင့်မောင်ရဲ့ ရှေ့နေတွေရဲ့ သက်သေစာရင်းတင်ပြချက်ကို အခုဧပြီလအတွင်း ရုံးချိန်းတစ်ခုမှာ တရားရုံးက လက်ခံထားပြီး ဘယ်နေ့တွေမှာ ဘယ်လိုပုံစံနဲ့ ထွက်ဆိုမယ်ဆို တာတော့ မသိရသေးဘူးလို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
 
“သက်သေစာရင်းကို တရားရုံးက လက်ခံထားတယ်။ လူကိုယ်တိုင်လား၊ အွန်လိုင်းကနေလား၊ ဘယ်နေ့မှာ ထွက်ဆိုမယ်ဆိုတာတွေတော့ မသိရသေးဘူး။ ဒေါ်အောင်ဆန်းစုကြည်အမှုတွေ တုန်းက ဒေါက်တောဇော်မြင့်မောင် သက်သေအဖြစ်ထွက်ဆိုတာတွေရှိတယ်။ ဒါပေမဲ့ လူကိုယ်တိုင်မဟုတ်ဘဲ အွန်လိုင်းကနေပဲ ထွက်ဆိုရတာ”
 
ဒေါက်တာဇော်မြင့်မောင်ရဲ့ အဂတိအမှုတွေကို မန္တလေး အိုးဘိုထောင်တွင်း သီးသန့်တရားရုံးမှာ အပတ်စဉ် အင်္ဂါနဲ့ သောကြာနေ့တိုင်းမှာ ကြားနာစစ်ဆေးနေတာပါ။
 
သူဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ဒေါ်အောင်ဆန်းစုကြည် စွပ်စွဲခံခဲ့ရတဲ့ သဘာ၀ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၂၅) အမှုအတွက် စွပ်စွဲခံရသူဘက်ကနေ အွန်လိုင်းဗီဒီယိုစနစ်နဲ့ သက်သေထွက်ဆိုခဲ့ပါတယ်။
 
အသက် ၇၀ အရွယ်ရှိပြီဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက အဂတိအမှု ငါးမှု၊ ရွေးကောက်ပွဲ မသမာမှု နှစ်မှု၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၅၀၅ (ခ) နဲ့ သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ (၂၅) စုစုပေါင်း အမှုကိုးခု စွပ်စွဲထားတာပါ။
 
အဲဒီအထဲက ရာဇသတ်ကြီးဥပဒေပုဒ်မ- ၅၀၅ (ခ)နဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ (၂၅) အတွက် ထောင်လေးနှစ် ချမှတ်ခံထားရပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org