ဝီလီဘရန့်ဆု ဒေါ်အောင်ဆန်း စုကြည် လက်ခံရယူ

ဥရောပတိုက် ဂျာမနီနိုင်ငံမှာရောက်ရှိနေတဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ နိုင်ငံတကာ ဝီလီဘရန့်ဆု Willy Brandt ကို ဒီကနေ့ လက်ခံရယူခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် Willy Brandt ဆုကို ဧပြီလ ၁၁ ရက်နေ့က ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ SPD ဆိုရှယ်- ဒီမို ကရက်တစ်ပါတီရုံးချုပ်မှာ လက်ခံရယူစဉ် photo: Getty Image

ဥရောပတိုက် ဂျာမနီနိုင်ငံမှာရောက်ရှိနေတဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ   နိုင်ငံတကာ ဝီလီဘရန့်ဆု Willy Brandt  ကို ဒီကနေ့ လက်ခံရယူခဲ့ပါတယ်။

ဂျာမနီနိုင်ငံ ဘာလင်မြို့မှာရှိတဲ့  SPD ဆိုရှယ်- ဒီမိုကရက်တစ်ပါတီရုံးချုပ်၊  Willy Brandt House မှာ  ပြုလုပ်တဲ့ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဂျာမနီနိုင်ငံက ပါလီမန်အမတ်တွေ၊ ဖိတ်ကြားထားသူတွေ ၊ SPD ပါတီက ထိပ်တန်းခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်တွေအပြင်၊ ဂျာမနီနိုင်ငံမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတချို့ပါ တက်ရောက်ခဲ့ကြပါတယ်၊

ဒီဆုပေးပွဲအခမ်းအနားမှာ SPD ပါတီရဲ့ ဥက္ကဌက မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် ကြိုးပမ်းနေတဲ့  ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၁ ရာစုအတွက် သူရဲကောင်းတစ်ဦးဖြစ်တယ်လို့ ပြောဆို ဂုဏ်ပြုသွားကြောင်း ဒီအခမ်းအနားကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ဂျာမနီအခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူ ကိုအောင်သူကပြောပါတယ်။

"ဝီလီဘရန့် ကိုယ်တိုင်က အာဏာရှင်ကို ဆန့်ကျင်တော်လှန်ခဲ့တဲ့ ဂျာမန်နိုင်ငံရေးသမား တစ်ယောက်ပေါ့၊ ဒေါ်အောင်ဆန်းစုကြည်လို အကြမ်းမဖက်တဲ့နည်းတဲ့ ဒီမိုကရေစီရေးကို ကြိုးပမ်းနေတဲ့ လူတစ်ယောက်ကို ပေးတဲ့ဆုမျိုးပေါ့၊ ဂျာမန်လူမျိုးတွေထဲမှာ ဒီဆုက တော်တော်မြင့်မားတဲ့ဆုဖြစ်ပါတယ်၊ SPD ပါတီ ဥက္ကဌပြောတဲ့ မိန့်ခွန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြမ်းမဖက်တဲ့နည်းနဲ့ ဒီမိုကရေစီရေးကို တိုက်ပွဲဝင်ခဲ့တာ ၂၁ ရာစုမှာတော့ သူရဲကောင်းတစ်ယောက်ပါပဲလို့ ပြောသွားတယ်၊ ဒါကတကယ့်ထူးခြား ပြီးတော့ ကြည်နူးဖို့ကောင်းတဲ့ နေ့တစ်နေ့ပေါ့"

ဆုလက်ခံယူပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်က မိန်ခွန်းပြောကြားခဲ့ရာမှာ ၂၀၀၈ဖွဲ့စည်းပုံကို မပြင်နိုင်ရင် စစ်မှန်တဲ့ ဒီမိုကရေစီလမ်းပေါ် မရောက်နိုင်ကြောင်း ၊အမျိူးသားရင်ကြားစေ့ရေးမရှိဘဲနဲ့ ဘယ်လိုအလုပ်မှ ဆက်လုပ်နိုင်မှာ မဟုတ်ကြောင်း အကျယ်တဝင့်ပြောသွားခဲ့သလို မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေနဲ့ ပညာရေးကဏ္ဍတွေမှာ ဂျာမနီနိုင်ငံက အကူအညီပေးဖို့တွေကိုလည်း တောင်းဆိုသွားခဲ့တယ်လို့ သိရပါတယ်။

ဂျာမနီနိုင်ငံကို ၃ ရက်ကြာ အလည်အပတ်ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ကလည်း ဂျာမနီဝန်ကြီးချုပ် Angela Merkel နဲ့ တွေ့ဆုံးခဲ့သလို၊ ဂျာမနီသမ္မတ  Joachim Gauk နဲ့ပါ သမ္မတ နန်းတော်မှာ တွေ့ဆုံခဲ့ပါတယ်၊ ဒါ့အပြင် ဧပြီ ၁၃ ရက်၊ တနင်္ဂနွေနေ့မှာ ဘာလင်မြို့ က Freie Universität Berlin တက္ကသိုလ်မှာ မိန့်ခွန်းစကားပြောကြားမှာဖြစ်ပြီး၊ မြန်မာမိသားစုတွေနဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဒီကနေ့ ဆုချီးမြှင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့တဲ့ ဂျာမနီအခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူ ကိုအောင်သူကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org