ငြိမ်းချမ်းရေးရဖို့ကြာလေ တိုင်းပြည်နစ်နာလေဖြစ်မယ် လို့ နိုင်ငံတော်အတိုင်ပင်ခံ ပြော
ငြိမ်းချမ်းရေးရရှိဖို့ အချိန်ကြာလေ တိုင်းပြည် နစ်နာလေ ဖြစ်တဲ့အတွက် မငြိမ်းချမ်း မှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ဒဏ်ရာတွေ ပျောက်ဖို့ဆိုရင် မြန်မြန် ငြိမ်းချမ်းရေးရဖို့ လိုအပ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ကျေးလက်တော ရွာနေ လူငယ် ၁၂ ဦးနဲ့ စကားဝိုင်းမှာ ပြောကြားခဲ့ပါတယ်။
-
2017-04-11 -
-
-
ငြိမ်းချမ်းရေးရရှိဖို့ အချိန်ကြာလေ တိုင်းပြည်နစ်နာလေ ဖြစ်တဲ့အတွက် မငြိမ်းချမ်းမှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ဒဏ် ရာတွေ ပျောက်ဖို့ဆိုရင် မြန်မြန်ငြိမ်းချမ်းရေးရဖို့ လိုအပ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ဒီနေ့ ကျေးလက်တောရွာနေ လူငယ် ၁၂ ဦးနဲ့စကားဝိုင်းမှာ ပြောကြားခဲ့ပါတယ်။
ကရင်တိုင်းရင်းသူ မသိန်းသိန်းအိက ကရင်ပြည်နယ်ဟာ ငြိမ်းချမ်းရေးရရှိခဲ့ပြီးနောက် ဖွံဖြိုးလာတယ်ဆိုပေမယ့် တချို့ကျေးရွာတွေမှာ စာသင်ကျောင်းတွေ၊ လျှပ်စစ်မီးတွေ မရှိသေးဘူးလို့ ပြောကြားတဲ့အပေါ် ဒေါ်အောင်ဆန်း စုကြည်က အခုလို ပြန်လည်ပြောကြားခဲ့တာဖြစ်ပါတယ်။
"ငြိမ်းချမ်းရေးလမ်းကို လျှောက်တဲ့အခါမှာ တဖြည်းတဖြည်းဆိုပေမယ့် သိပ်ဖြည်းလို့လဲမဖြစ်ဘူး၊ ဘာလို့လဲဆိုတော့ ငြိမ်းချမ်းရေးရဖို့ အချိန်ကြာလေ ဒီနိုင်ငံနစ်နာလေပဲ၊ ဒီနိုင်ငံ မြန်မြန် ဒဏ်ရာ ဒဏ်ချက်တွေ ပျောက်ကင်းစေချင်ရင် ငြိမ်းချမ်းရေးကို မြန်မြန်ရအောင်လုပ်ဖို့လိုတယ်၊ ဒါ့ကြောင့် အမြဲပြောတယ် လက်နက်ကိုင်တပ်ဖွဲ့တွေကို စားပွဲမှာထိုင်ဆွေးနွေးပါ၊ လက်နက်နဲ့ငြင်းမယ့်အစား ဦးနှောက်နဲ့ ငြင်းပါ၊ နှစ်ဖက်အမြင်တွေဆွေးနွေးပါ၊ ဒီနည်းနဲ့ပဲ ငြိမ်းချမ်းရေးဟာ ရနိုင်မယ်"
NCA မှာ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပါဝင်လာဖို့ တံခါးကိုအမြဲဖွင့်ထားကြောင်း နဲ့ ဒုတိယပင်လုံညီလာခံမှာ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို အတိုင်းအတာ တစ်ခုထိ ပါဝင်ခွင့်ပေးသွားမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ကျေးလက်ဒေသနေ သာမန်ပြည်သူတွေ ငြိမ်းချမ်းရေးကို ဘယ်လောက်လိုချင်ကြတယ်ဆိုတာ ပြောပြဖို့အတွက် ဒီနေ့စကာဝိုင်းကို ကျင်းပရတာဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ ကျေးလက်ဒေသနေပြည်သူ ၇၀ ရာခိုင်နှုန်းရှိတဲ့အတွက် ကျေးလက်ဒေသဟာ နိုင်ငံ ရဲ့ကျောရိုးတစ်ခုဖြစ်ပြီး နိုင်ငံတိုးတက်ဖို့ဆိုရင် ကျောရိုးခိုင်မာဖို့ လိုအပ်တဲ့အတွက် ကျေးလက်ဒေသဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာပါဝင်နေကြောင်း ငြိမ်းချမ်းရေးမှာ ကျေးလက်ဒေသကသူတွေ ပါဝင်ဖို့လိုအပ်တယ် လို့လည်း တိုက်တွန်းခဲ့ပါတယ်။
ဒီနေ့စကားဝိုင်းမှာ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ အလုပ်အကိုင်အခွင့်လမ်းရရှိရေး၊ စိုက်ပျိုးရေးပိုမိုတိုးတက်လာရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး စတဲ့ကိစ္စရပ်တွေ ကို ဆွေးနွေးခဲ့တာဖြစ်ပါတယ်။