စစ်ပွဲတွေရပ်ပေးဖို့ များများပြောကြဖို့ တိုက်တွန်း

စစ်ပွဲတွေရပ်ပေးဖို့အတွက် များများပြောပေးကြဖို့ လိုအပ်ကြောင်းနဲ့ တချို့က နားလေးတဲ့အတွက် များများပြောပေးမှ ကြားမှာဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြော ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူငယ်များရဲ့ငြိမ်းချမ်းရေးစကားဝိုင်းကို နေပြည်တော် MICC ( 2 )မှာ ဇန်နဝါရီလ ၁ ရက်နေ့က ကျင်းပပြုလုပ်နေစဉ် Photo: Win Naung Toe/ RFA

စစ်ပွဲတွေရပ်ပေးဖို့အတွက် များများပြောပေးကြဖို့ လိုအပ်ကြောင်းနဲ့ တချို့က နားလေးတဲ့အတွက် များများပြောပေးမှ ကြားမှာဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီကနေ့ တိုင်းနဲ့ ပြည်နယ်တွေကို ကိုယ်စားပြုတဲ့ လူငယ် ၁၈ ဦးနဲ့ ပြုလုပ်တဲ့ ငြိမ်းချမ်းရေးစကားဝိုင်းမှာ တက်ရောက်ဆွေးနွေးတဲ့အထဲက ရှမ်းပြည်နယ်တောင်ပိုင်း ကိုယ်စားပြုလူငယ်တစ်ဦးက စစ်ပွဲတွေ မရပ်ဘဲနဲ့ ငြိမ်းချမ်းရေးဆိုတာ ရလာမှာမဟုတ်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်းက အဖြစ်အပျက် တစ်ခုကို ဥပမာပေးပြီး ဆွေးနွေးရာမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တာဖြစ်ပါတယ်။

လူငယ်တွေကြားမှာ ပြည်ထောင်စုစိတ်ဓါတ်ဆိုတာကို ဘယ်လောက်အထိ နားလည်ကြသလဲနဲ့ ဆွေးနွေးဖြစ်ကြ သလားဆိုတာကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က မေးခွန်းမေးပြီး ဦးတည်ဆွေးနွေး ကြတာဖြစ်ပါတယ်။

အင်အားနည်းသူတွေ လူနည်းစုတွေ တာဝန်မသိတာဟာ သက်ရောက်မှု နည်းပေမယ့် အင်အားကြီးမားသူတွေ တာဝန်မသိရင် သက်ရောက် မှုကြီးကြောင်းလည်း ပြောပါတယ်။

၂၀၁၇ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်နိုင်ဖို့အတွက် အားလုံးက ဝိုင်းဝန်းကူညီကြဖို့ကိုလည်း ဒေါ်အောင် ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။

ဆွေးနွေးမှုထဲမှာ ပါလာတဲ့ အချက်တွေအရ မြန်မာနိုင်ငံပညာရေးစနစ်ရဲ့ အားနည်းချက်တွေကို လည်း ထောက်ပြဆွေးနွေးကြပါတယ်။

ပညာရေးဝန်ကြီးဌာနအနေနဲ့ အရင်ကလို အမှတ်နဲ့ ဆုံးဖြတ်တဲ့ စနစ် မဟုတ်တော့ပဲ အဆင့် အေဘီစီနဲ့ ဆုံးဖြတ်တဲ့စနစ်ကိုသွားဖို့ ပြင်ဆင်နေကြောင်း အဲဒီလို ပြောင်းလဲမှု ကို ကျောင်းသူ ကျောင်းသားတွေက လက်ခံပေမယ့် မိဘတွေက မကြိုက်ကြဘူးလို့သိရကြောင်း လည်း ပြောပါတယ်။

လူငယ်တွေနဲ့ စကားဝိုင်းမစခင်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က တိုင်းပြည်ကို နှစ်သစ်ကူး ဆုတောင်း စကားပြောကြားခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org