နိုင်ငံရေးအကျဉ်းသားတွေကို မေ့မထားကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
မြန်မာနိုင်ငံမှာ အကျဉ်းကျခံနေရဆဲ ဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသား ၂ ထောင်ကျော်ကို မေ့မထားကြဖို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က Amnesty Internationl ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့မှာ ပါဝင်လှုပ်ရှားသူတွေကို တယ်လီဖုန်းကတဆင့် တိုက်တွန်း ပြောကြားလိုက်ပါတယ်။
-
2011-03-20 -
-
-
အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့မှာ ပြုလုပ်နေတဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (အမေရိကန် အဖွဲ့ခွဲ) ရဲ့ နှစ် ၅ဝ မြောက် အထွေထွေညီလာခံကို တယ်လီဖုန်းကတဆင့် ပြောကြားတဲ့ နှုတ်ခွန်းဆက်စကားမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ထည့်သွင်းပြောသွားတာပါ။
နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်ဖို့အတွက် လူထုအခြေခံ လှုပ်ရှားသူတွေရဲ့ ကြိုးပမ်းမှုကို လေးစား အသိအမှတ် ပြုပါကြောင်းနဲ့ ကျန်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း မေ့မထားကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှုတ်ခွန်းဆက်စကား အပြီးမှာ ဇင်ဘာဘွေနိုင်ငံက အမျိုးသမီးများရဲ့ လူမှု အခွင့်အရေး အဖွဲ့ တည်ထောင်သူ Jenni Williams ကလည်း တယ်လီဖုန်းကတဆင့် နှုတ်ခွန်းဆက် ပြောဆိုပါတယ်။ အဲဒီအဖွဲ့ဟာ ဇင်ဘာဘွေနိုင်ငံမှာ အကြမ်းမဖက်တဲ့ လူမှု အခွင့်အရေး လှုပ်ရှားမှုတွေကြောင့် ညှဉ်းပန်းနှိပ်စက်ခံ၊ အကျဉ်းကျခံခဲ့ရတဲ့ အမျိုးသမီးတွေ စုစည်းပြီး တည်ထောင် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (အမေရိကန်အဖွဲ့ခွဲ) ရဲ့ နှစ်ပတ်လည်ညီလာခံမှာ နယ်ပယ်အသီးသီးက အောင်မြင် ကျော်ကြားသူတွေ၊ ထင်ရှားတဲ့ စာပေအနုပညာရှင်တွေ အပါအဝင် လူ့အခွင့်အရေး လှုပ်ရှားသူတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။