လုံခြုံရေးကောင်စီရဲ့လစ်ဗျား ဆုံးဖြတ်ချက် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ

လစ်ဗျားအာဏာရှင် ဗိုလ်မှူးကြီးဂဒါဖီ သြဇာခံ စစ်တပ်တွေရဲ့ ရက်ရက်စက်စက် ချေမှုန်းမှုဒဏ်ကို ခံနေရတဲ့ လစ်ဗျားပြည်သူတွေကို ကယ်တင်ဖ့ို နိုင်ငံတကာတပ်ဖွဲ့တွေ စစ်ရေးအရ ဝင်ရောက်နိုင် ရေးအတွက် ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့မှာ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်အမှတ် ၁၉၇၃ ကို ချမှတ်ခဲ့တာဟာ သင့်တော်တဲ့လုပ်ရပ် ဖြစ်တယ်လ့ို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုလိုက်ပါတယ်။

လစ်ဗျားနိုင်ငံကို လေယာဉ်မပံျသန်းရဇုံ သတ်မှတ်ပြီး ဂဒါဖီအစိုးရ သစ္စာခံတပ်တွေအပေါ် လိုအပ်သလို အရေးယူရေး ဆုံးဖြတ်ချက်ကို ၂ဝ၁၁ ခုနှစ် မတ်လ ၁၇ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ပြင်သစ် အပါအဝင် အဖွဲ့ဝင် ၁ဝ နိုင်ငံက ထောက်ခံမဲ ပေးခဲ့ကြပါသည်။ (Photo: AFP) (Photo: AFP)

RFA က အပတ်စဉ် ထုတ်လွှင့်နေတဲ့ လူထုနဲ့ ‘ဒေါ်အောင်ဆန်းစုကြည် အမေးအဖြေ’ ကဏ္ဍအတွက် အဖြေစကားတွေကို သောကြာနေ့က ကြိုတင်ပြီး ရရှိခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ သဘောထားကို အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

တဆက်တည်းမှာပဲ မြန်မာစစ်အစိုးရကို လုံခြုံရေးကောင်စီက အလားတူ အရေးယူနိုင်မယ့် အလားအလာနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့တာကိုတော့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး အတွက် လုံခြုံရေးကောင်စီအနေနဲ့ အားပေးတဲ့ ဆုံးဖြတ်ချက်မျိုးကို မိမိလိုလားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

အမျိုးသား ရင်ကြားစေ့ရေး ရရှိမှသာလျှင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ ဖြစ်တဲ့အတွက် ရေရှည်အတွက် အားပေး ဆောင်ရွက်သင့်တယ်ဆိုတဲ့ အချက်ကို လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေ အားလုံး သဘောပေါက်အောင် စည်းရုံး ပြောဆိုနိုင်ရင် ကောင်းမွန်မှာဖြစ်ကြောင်း၊ အဲဒီလို လိုက်လျောမှုမျိုး ရရှိဖို့ဆိုတာ လွယ်ကူမှာ မဟုတ်ပေမယ့်လည်း ဖြောင်းဖြတိုက်တွန်းတဲ့ နည်းအပါအဝင် နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းကြဖို့ လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org