ဒေါပုံမြို့နယ်ထဲက ကျူးကျော်နေအိမ် ၅၀ ကျော်ကို တစ်လအတွင်း ရွှေ့ခိုင်း

ဒေါပုံမြို့နယ်က ကျူးကျော်နေအိမ် ၅၀ ကျော်ကို တစ်လအတွင်း အပြီးပြောင်းရွှေ့ဖယ်ရှားဖို့ မေလ ၈ ရက်မနက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေအပြင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေက အကြောင်းကြားစာ ပို့လာတာပါ။

ရန်ကုန်တိုင်း ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်ရှိ နေအိမ်များအား ၂၀၂၃ ခုနှစ်၊ မေလ ၈ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

ရန်ကုန်တိုင်း ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်အစွန် သုဝဏ္ဏတံတားအနီးက ကျူးကျော် နေအိမ် ၅၀ ကျော်ကို တစ်လအတွင်း အပြီးပြောင်းရွှေ့ဖယ်ရှားဖို့ မေလ ၈ ရက် ဒီနေ့ မနက်ပိုင်းမှာ အကြောင်းကြားစာ ပို့လာတယ်လို့ အဲဒီမှာနေထိုင်သူတွေက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေအပြင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူ စုစုပေါင်းအင်အား ၆၀ ခန့်နဲ့ အကြောင်းကြားစာ ပေးသွားတာလို့ နွယ်အေးရပ်ကွက်မှာ နေထိုင်တဲ့ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ပေးသွားတဲ့ အကြောင်းကြားစာမှာ ဒီမြေနေရာသည် ရန်ကုန်မြို့တော် စည်ပင်သာယာ ဥပဒေ ပုဒ်မ ၅၀၊ ၅၁ ပါ ပြဋ္ဌာန်းချက်အရ ဖယ်ရှားရှင်းလင်းရမှာဖြစ်တာကြောင့် အကြောင်းကြားစာပေးပို့တဲ့ မေလ ၈ ရက်နေ့ကနေ ဇွန်လ ၆ ရက်နေ့အတွင်း အပြီး အမြန်ဖယ်ရှားပေးဖို့ ဆိုတာမျိုး ရေးထားပါတယ်၊ အဲဒီနေရာမှာ နေနေသူတွေအများစုက Smart Card တွေ ဘာတွေလည်း မရှိကြဘူး၊ ဒီအတိုင်းပဲ နေနေကြတာပေါ့"

ဖယ်ရှားပေးရမယ့် နေအိမ်တွေထဲမှာ ဓနိမိုး ထရံကာထားတဲ့ နေအိမ် ၅၇ လုံးအထိရှိပြီး အဲဒီမှာနေထိုင်သူ အများစုဟာ လက်လုပ်လက်စားသမားတွေနဲ့ ပျံကျဈေးသည်တွေဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့ဟာ အဲဒီမြေနေရာအပေါ်မှာ နှစ်ပေါင်း ၂၀ နီးပါး နေထိုင်ခဲ့ကြသူတွေဖြစ်ပြီး အလုပ် အကိုင်ရှားပါးတဲ့ အခုလို ကာလမှာ နေစရာမရှိတော့ရင် စားဝတ်နေရေးအခက်အခဲ ပိုများ လာနိုင်တယ်လို့ ပြောကြပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်၊ မန္တလေး၊ မွန်ပြည်နယ် စတဲ့ တိုင်းနဲ့ ပြည်နယ် အသီးသီးမှာ နေထိုင်တဲ့ ကျူးကျော်တွေကို စစ်ကောင်စီတပ်က အင်အားသုံးဖယ်ရှားတာ တွေ အကြိမ်ကြိမ် လုပ်ခဲ့ပါတယ်။  

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org