စစ်တပ်လက်နက်ကြီးကြောင့် ဒေါငံခါးဘုရားကျောင်း ထိခိုက်ပျက်စီး

ဖေဖော်ဝါရီ ၁၅ ရက် မနေ့က ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးရပ်ကွက်က ကက်သလစ်ခရစ်ယာန်ဘုရားကျောင်း စစ်တပ်ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကြောင့် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် (DMO-PDF) က သတင်းထုတ်ပြန်လိုက်ပါတယ်။
မနေ့က မနက် ၁၀ နာရီခွဲလောက်က စစ်ကောင်စီတပ်ရှိရာဘက်ကနေ ဘုရားကျောင်းရှိရာ ဒေါငံခါးရပ်ကွက်ဘက်ကနေ လက်နက်ကြီးကျည် လေးလုံး ပစ်ခတ်ခဲ့ပြီး ဘုရားကျောင်းကို ထိမှန်ပျက်စီးခဲ့တာလို့ (DMO-PDF) တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
"သူတို့က အဲလိုပဲ ရံဖန်ရံခါ တိုက်ပွဲမဖြစ်ပေမယ့်လည်း လက်နက်ကြီး အမြဲထုတယ်လေ။ လူထုကတော့ မရှိဘူး။ ကုန်သလောက်တော့ ရှိသွားပြီ။ စစ်ရှောင်သွားကြတာ"
ဒီးမော့ဆိုမြို့မှာ လောလောဆယ် စစ်ကောင်စီတပ် ခမရ (၄၂၇) နဲ့ ခလရ (၁၀၂) တို့ တပ်စွဲထားပြီး ဘယ်တပ်က ပစ်ခတ်တယ်ဆိုတာကိုတော့ အတိအကျ မသိရဘူးလို့ သူက ဆိုပါတယ်
အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်ခြင်း မရှိသေးပါဘူး။
ဒီးမော့ဆိုမြို့ ဒေါငံခါး ကက်သလစ်ဘုရားကျောင်း လက်နက်ကြီးကျည် ထိမှန်ပျက်စီးမှုနဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ဖို့အတွက် စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ကြိုးစားဆက်သွယ်နေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့က ဒီးမော့ဆိုမြို့နယ်၊ ဆိုဘောသဲရွာမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ကျေးရွာခရစ်ယာန်ဘုရားကျောင်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၀ ရက်နေ့ကလည်း စစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေတဲ့ ဒီးမော့ဆိုမြို့နယ်၊ မြလဲကျေးရွာအုပ်စုကို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးကျည် ငါးလုံး ပစ်ခတ်ခဲ့လို့ ခရစ်ယာန်ဘုရားကျောင်း တစ်ကျောင်းနဲ့ လူနေအိမ်တချို့ ထိခိုက်ပျက်စီးပြီး စစ်ဘေး ဒုက္ခသည် အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
ကရင်နီလို့ ခေါ်တဲ့ ကယားပြည်နယ်မှာ ၂၀၂၁ ခုနှစ် မေလကစပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုကြောင့် တစ်နှစ်အတွင်း ခရစ်ယာန် ဘုရားကျောင်း ခုနစ်ကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစုက သတင်းထုတ်ပြန်ထားပါတယ်။