ဦးခေါင်းကိုကျည်ထိမှန်ခဲ့တဲ့ မမြသွဲ့သွဲ့ခိုင် ကွယ်လွန်လို့ ဆရာဝန်ပြော

နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံက အမည်မဖော်လိုတဲ့ ဆရာဝန်တဦးက "ဦးနှောက်သေသွားပြီလို့ ကျနော်တို့က သတ်မှတ်လိုက်ပါပြီ။ အသက်ရှူစက် ဖြုတ်ဖို့လည်း မိသားစုကို အကြောင်းကြားထားပါပြီ။ တကယ်တော့ လူနာက ဆုံးနေပြီ၊ ဆေးပညာအရ ဦးနှောက်သေဆုံးပြီလို့ သတ်မှတ်လိုက်တာဟာ သေဆုံးသွားတာပဲ၊ မိသားစုကတော့ ဘယ်အချိန်မှာ အသက်ရှူစက်ဖြုတ်မယ်ဆိုတာ မပြောသေးပါဘူး" လို့ RFA ကို အတည်ပြုပြောပါတယ်။

မမြသွဲ့သွဲ့ခိုင် ပုံ CJ

နေပြည်တော်ပစ်ခတ်မှုမှာ ဦးခေါင်းကို ကျည်ထိမှန်ခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်ဟာ ဒီကနေ့ နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံမှာ သေဆုံးသွားပြီလို့ ကုသပေးနေတဲ့ ဆရာဝန်တွေက ပြောကြားလိုက်ပါတယ်။

နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံက အမည်မဖော်လိုတဲ့ ဆရာဝန်တဦးက "ဦးနှောက်သေသွားပြီလို့ ကျနော်တို့က သတ်မှတ်လိုက်ပါပြီ။ အသက်ရှူစက်ဖြုတ်ဖို့လည်း မိသားစုကို အကြောင်းကြားထားပါပြီ။ တကယ်တော့ လူနာက ဆုံးနေပြီ၊ ဆေးပညာအရ ဦးနှောက်သေဆုံးပြီလို့ သတ်မှတ်လိုက်တာဟာ သေဆုံး သွားတာပဲ၊ မိသားစုကတော့ ဘယ်အချိန်မှာ အသက်ရှူစက် ဖြုတ်မယ်ဆိုတာ မပြောသေးပါဘူး" လို့ RFA ကို အတည်ပြု ပြောဆိုပါတယ်။

ဆေးပညာရှုထောင့်အရ မမြသွဲ့သွဲ့ခိုင်ဟာ ကွယ်လွန်သွားပြီဖြစ်ပေမယ့် မိသားစုကတော့ အသက်ရှုစက်ကို ဖြုတ်ဖို့ ဆန္ဒမရှိသေးဘူးလို့ ဒီကနေ့ ညနေ ၅ နာရီလောက်က RFA ကို ပြောပါတယ်။

မမြသွဲ့သွဲ့ခိုင်ရဲ့ ဦးခေါင်းထဲမှာ ဝင်နေတဲ့ ကျည်ဆံစကို ခွဲထုတ်ဖို့ ကြိုးစားခဲ့ပေမယ့် ဒီကနေ့ မနက်ပိုင်းမှာ ဆရာဝန်တွေက လက်လျှော့လိုက်တာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၉ ရက်နေ့က နေပြည်တော်မှာ ဆန္ဒပြရင်း ရဲတပ်ဖွဲ့ရဲ့ ဖြိုခွင်းမှုကြောင့် အသက် ၁၉ နှစ်အရွယ် မမြသွဲ့သွဲ့ခိုင်ရဲ့ ဦးခေါင်းကို သေနတ်ကျည်ဆံ ထိမှန်ခဲ့တာပါ။

ကျည်ဆံထိမှန်ခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်ရဲ့ ဦးခေါင်းမှာ စစ်ဆေးတွေ့ရှိတဲ့ ဆေးမှတ်တမ်းတွေအရ ရဲတပ်ဖွဲ့ရဲ့ ကျည်ဆံဟာ အဓိကရုဏ်းနှိမ်နင်းရာမှာသုံးတဲ့ ရာဘာကျည်မဟုတ်ဘဲ သံနဲ့လုပ်ထားတဲ့ ကျည်ဆံအစစ် ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆရာဝန်တဦးက ပြောပါတယ်။

အာဏာသိမ်းစစ်အစိုးရဘက်ကတော့ အဲဒီနေ့ပစ်ခတ်ဖြိုခွင်းမှုမှာ ကျည်ဆန်အစစ်နဲ့ ပစ်ခဲ့တာ မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။

မမြသွဲ့သွဲ့ခိုင်ဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြစဉ် လုံခြုံရေးရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းခဲ့တဲ့အတွက် ကျည်ထိမှန်ပြီး ပထမဆုံးသေဆုံးခဲ့ရသူဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org