ကလေးမြို့နယ်မှာ နှစ်လအတွင်း အရပ်သားရှစ်ဆယ် သေဆုံး

စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး ဧပြီလ ၁၁ ရက်နေ့အထိ နှစ်လနီးပါးအတွင်း အရပ်သားသေဆုံးမှု ရှစ်ဆယ်အထိရှိနေတယ်လို့ ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီအဖွဲ့ တာဝန်ရှိသူတွေက RFA ကိုပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့ မြောက်ပိုင်းကို စစ်ကောင်စီ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများကြောင့် ပျက်စီးခဲ့သည့် နေအိမ်တစ်လုံးကို ၂၀၂၄ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်ကနေ ဧပြီလ ၁၁ ရက်နေ့အထိ နှစ်လနီးပါးအတွင်း အရပ်သားသေဆုံးမှု ရှစ်ဆယ်အထိရှိနေတယ်လို့ ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီအဖွဲ့ တာဝန်ရှိသူတွေက RFA ကိုပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ ဒရုန်းနဲ့ ပစ်ခတ်သတ်မှုတွေ အပါအဝင် မြေမြှုပ်မိုင်းနင်းမိတာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။

သေဆုံးခဲ့သူတွေထဲမှာ ကလေးမြို့ပေါ်မှာ ၁၅ ဦး၊ ကလေးမြို့မြောက်ပိုင်းမှာ သုံးဆယ်၊ ကလေးမြို့တောင်ပိုင်းမှာ ၃၅ ဦးသေဆုံးခဲ့တာလို့ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီဝင်တစ်ဦးက RFA ကိုပြောပါတယ်။

"ကျွန်တော်တို့ စာရင်းပြုစုထားတာ ဖေဖော်ဝါရီ ၂၁ ရက်ကစပြီး ဒီနေ့ထိ အရပ်သားသေဆုံးတာ ရှစ်ဆယ်ရှိပြီ။ ၆၅ ရာခိုင်နှုန်းက အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်တယ်။ ၁၅ ရာခိုင်နှုန်းက အမျိုးသားတွေဖြစ်တယ်။ ၂၀ ရာခိုင်နှုန်းက လူငယ်ပိုင်းအရွယ်တွေ ဖြစ်တယ်”

ဒီကိစ္စနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးညွန်ဝင်းအောင်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ကလေးမြို့နယ်မှာ စစ်ရေးအရှိန်ဟုန်မြှင့်တိုက်ခိုက်တော့မယ်လို့ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ကြေညာပြီးနောက် စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား ဒီနေ့အထိတိုက်ပွဲတွေ ပြင်းထန်နေတာပါ။

တိုက်ပွဲတွေအတွင်း အရပ်သားသေဆုံးမှုတွေအပြင် လက်နက်ကြီးကြောင့် ဘာသာရေးအဆောက်အအုံတွေနဲ့ နေအိမ်တွေပျက်စီးတာရှိသလို ရွာတချို့လည်း မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org