အကျဉ်းသား ၃၈ ဦးကို သေဒဏ်ပယ်ဖျက်ကြောင်း စစ်ကောင်စီကြေညာ

သေဒဏ်ချမှတ်ခံထားရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၃၈ ဦးကို သေဒဏ်က လွတ်ငြိမ်းခွင့်ပေးပြီး ထောင်တစ်သက်ကို ပြောင်းလဲကျခံစေလိုက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်လာပါတယ်။

ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင် အဆောက်အအုံကို ၂၀၁၆ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့က တွေ့ရစဉ်။ YE AUNG THU / AFP

အကျဉ်းထောင်အသီးသီးမှာ သေဒဏ်ချမှတ်ခံထားရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၃၈ ဦးကို ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် သေဒဏ်က လွတ်ငြိမ်းခွင့်ပေးပြီး ထောင်တစ်သက်ကို ပြောင်းလဲကျခံစေလိုက်တယ်လို့ မတ်လ ၃ ရက် ညနေပိုင်းမှာ စစ်ကောင်စီက ထုတ်ပြန်လာပါတယ်။

ဒီနေ့မနက်မှာပဲ ရာဇသတ်ကြီးပုဒ်မ-၅၀၅-က နဲ့ အကျဉ်းကျနေသူ ၂၁၅၃ ဦးကို လွတ်ငြိမ်းခွင့်ပေးပြီးနောက် အခုလို ဆက်တိုက်ထုတ်ပြန်လာတာပါ။

ဒါဟာ ကဆုန်လပြည့်နေ့အထိမ်းအမှတ်ခေါင်းစဉ်နဲ့ ပထမဆုံးအကြိမ် လွတ်ငြိမ်းခွင့်နဲ့ သေဒဏ်ပယ်ဖျက်ပေးမှုဖြစ်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာချင်ကန်း မြန်မာပြည်ရောက်ရှိချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

အခုသေဒဏ်က ပယ်ဖျက်ပေးတဲ့ ၃၈ ဦးထဲမှာ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်လို့ သေဒဏ်ချမှတ်ခံရသူတွေ ပါ၊ မပါကိုတော့ မသိရသေးပါဘူး။

ထင်ရှားတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေဖြစ်တဲ့ ၈၈ မျိုးဆက်ကျောင်းသား ဦးဂျင်မီ၊ လွှတ်တော်အမတ် ဦးဖြိုးဇေယျာသော်၊ ဦးအောင်သူရဇော်နဲ့ ဦးလှမျိုးအောင်တို့ကို ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ စစ်ကောင်စီက ကွပ်မျက်ခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်အရေးအသင်း (AAPP) ရဲ့ မေလ ၂ ရက်နေ့ထိ စာရင်းတွေအရ အာဏာသိမ်းနှစ်နှစ်အတွင်း သေဒဏ်ချမှတ်ပြီး အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံထားရသူ ၁၁၂ ဦး၊ မျက်ကွယ်သေဒဏ် ချမှတ်ခံထားရသူ ၄၂ ဦး၊ စုစုပေါင်း သေဒဏ်ချမှတ်ခံထားရသူ ၁၅၄ ဦးရှိတယ်လို့ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org