လွှတ်တော်ကိုယ်စားလှယ် ပြန်ရုပ် သိမ်းခြင်း ဥပဒေကြမ်း အတည်ပြုပေးရေး ဆန္ဒပြတောင်းဆိုမည်
လွှတ်တော်ကိုယ်စားလှယ်တာဝန် ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဆွေးနွေးအတည်ပြုပေးဖို့ ဒီမိုကရက်တစ် ပါတီ (မြန်မာ)က လာမယ့် စက်တင်ဘာလ ၆ရက်နေ့မှာ ရန်ကုန်မြို့ တာမွေမြို့နယ်က လူထုဟစ်တိုင်မှာ ဆန္ဒပြတောင်းဆိုမှာဖြစ်ပါတယ်။
-
2015-09-03 -
-
-
လွှတ်တော်ကိုယ်စားလှယ်တာဝန် ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဆွေးနွေးအတည်ပြုပေးဖို့ ဒီမိုကရက်တစ်ပါတီ (မြန်မာ)က လာမယ့် စက်တင်ဘာလ ၆ရက်နေ့မှာ ရန်ကုန်မြို့ တာမွေမြို့နယ်က လူထုဟစ်တိုင်မှာ ဆန္ဒပြတောင်းဆိုမှာဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်က ကိုယ်စားလှယ်တာဝန် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုမပေးဘဲ ဆိုင်းငံ့ထားတာကို မကျေနပ်တဲ့အတွက် ဆန္ဒပြ မှာဖြစ်တယ်လို့ ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဒုတိယဥက္ကဌ ဦးတင့်ဆွေက ပြောပါတယ်။
"ပြည်ထောင်စုလွှတ်တော်မှာ Right to Recall လွှတ်တော်ကိုယ်စားလှယ်တာဝန် ပြန်လည်ရုပ်သိမ်းခြင်းနဲ့ ပတ်သက်လို့ ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်တဲ့အခါမှာ ဆိုင်ငံ့ထားတဲ့ဘက်က မဲကပိုများသွားတဲ့အတွက် ၂ဝ၁ဝ - ၂ဝ၁၅ သက်တမ်းမှာ ဒီဥပဒေကို မပြဌာန်းဘူးဆိုသဖြင့် ကျနော်က အဲ့ဒါကိုဆန္ဒဖော်ထုတ်မှာပေါ့နော်"
ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ရက်နေ့က လွှတ်တော်ကိုယ်စားလှယ်တာဝန် ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဆက်လက်ဆွေးနွေးသင့်၊ မသင့်နဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာ မဆွေးနွေးသင့်ကြောင်း မဲပေးသူများတဲ့အတွက် ဆိုင်းငံ့ထားတာဖြစ်ပါတယ်။
အဲဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ကိုယ်စားလှယ်တာဝန်ကို ရုပ်သိမ်းခွင့်ရှိမယ့် မဲပေးခွင့်ရှိသူ အရေအတွက်အပေါ် လွှတ်တော်ကိုယ်စားလှယ်တွေအကြား သဘောထားကွဲလွဲမှုတွေ ရှိနေတာဖြစ်ပါတယ်။ လက်ရှိဥပဒေကြမ်းမှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို သူကိုယ်စားပြုတဲ့ မဲဆန္ဒနယ်က မဲပေးခွင့်ရှိသူ ၁% က မကြိုက်လို့ တင်ပြရင် ဖြုတ်ချပိုင်ခွင့်ပေးထားတာ ဖြစ်ပါတယ်။ အဲဒီ ၁%ဟာ အဓိပ္ပါယ်မရှိတဲ့ သတ်မှတ်ချက်ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောထားပါတယ်။
အဲဒီဥပဒေကြမ်းကို အတည်ပြုပြဌာန်းနိုင်ခြင်းမရှိသေးတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ် အရည်အချင်း ပျက်ယွင်းတယ်ဆိုပြီး စွပ်စွဲတိုင်ကြားခံရသူတွေ ရှိပေမယ့် တာဝန်ကနေ ရုပ်သိမ်းနိုင်ခြင်းမရှိပါဘူး။