မွတ်စလင် အမတ်လောင်း ငါးဦးကို ရွေးကောက်ပွဲကော်မရှင်ပယ်ချ
ရခိုင်ပြည်နယ်မှာ လာမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်ထားတဲ့ အစ္စလာမ်ဘာသာဝင် ကိုယ်စားလှယ်လောင်း ငါးဦးကို သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်တွေက ပယ်ချလိုက်ပါတယ်။
-
ကျော်လွင်ဦး
2020-08-16 -
-
-
လာမယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်ထားတဲ့ အစ္စလာမ် ဘာသာဝင် ကိုယ်စားလှယ်လောင်းတွေထဲက ငါးဦးကို သူတို့မွေးဖွားချိန်မှာ မိဘတွေက နိုင်ငံသားမဟုတ်လို့ဆိုပြီး စစ်တွေနဲ့ မောင်တောခရိုင်တွေမှာ ပယ်ချခဲ့တာဖြစ်ပါတယ်။
ပယ်ချခံရတဲ့ ကိုယ်စားလှယ်လောင်းတွေဟာ အစ္စလာမ်ဘာသာဝင်တွေဖြစ်ပြီး မောင်တောခရိုင်က လေးဦးနဲ့ စစ်တွေခရိုင်ကတစ်ဦး ပါဝင်ပါတယ်။
ဘူးသီးတောင်မြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်းစာရင်း တင်သွင်းထားတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ ဥက္ကဋ္ဌ ဦးကျော်မင်း အပါအဝင် ကိုယ်စားလှယ်လောင်း သုံးဦးကို မောင်တောခရိုင် ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်းအဖြစ်ကနေ သြဂုတ်လ ၁၆ ရက်နေ့က ပယ်ချခဲ့တာပါ။
မိဘတွေမှာ နိုင်ငံသားကတ်မရှိလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဘူးသီးတောင်မြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးပါတီက သုံးဦးကို ခရိုင်ကော်မရှင်က ပယ်ချလိုက်တာလို့ ဦးကျော်မင်းက ပြောပါတယ်။
သူ့မိဘတွေမှာ အမတလို့ခေါ်တဲ့ အမျိုးသား မှတ်ပုံတင်ရှိပြီး နိုင်ငံသား စစ်ဆေးရေးကတ်မရှိလို့ နိုင်ငံသား မဟုတ်ဘူးဆိုတာ မဟုတ်ဘဲ ဗဟိုအထိ အယူခံဝင်သွားမယ်လို့ ဦးကျော်မင်းက ပြောပါတယ်။
"ပြည်နယ်မကဘူး၊ ဗဟိုအထိ တင်မှာပါ၊ ဒါကကျနော်တို့ရဲ့အခြေခံရပိုင်ခွင့်လေ၊ လူမျိုးစုတစ်စုရဲ့ အခြေခံ ရပိုင်ခွင့်၊ လွတ်လပ်ရေးမရခင်ကနေ ဒီနေ့အထိရနေတဲ့ ကျနော်တို့အခွင့်အရေးဘဲ၊ အခုမှလာပြီးတော့ ခင်ဗျားတို့ မိဘတွေက နိုင်ငံသားမဟုတ်ဘူး ဆိုတာမျိုးပြောတယ်၊ အမတထုတ်ပေးတာလည်း နိုင်ငံသားကိုဘဲ ထုတ်ပေးခဲ့တာ၊ နိုင်ငံခြားသားကို ထုတ်ပေးတာမဟုတ်ဘူး၊ ဥပဒေထဲမှာ အတိအကျပါတယ်၊ အမတထုတ်ပေးတဲ့သူဟာ နိုင်ငံသားပေါ့"
အသက် ၈၀ အရွယ်အရှိ ဦးကျော်မင်းဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကနေ အနိုင်ရရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ CRPP လို့ခေါ်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီမှာ စီးပွားရေးနဲ့ လူမှုဆက်ဆံရေးတာဝန်ခံအဖြစ်လည်း ပါဝင်ခဲ့ပါတယ်။
CRPP အဖွဲ့မှာ ပါဝင်ခဲ့တာကြောင့် ဦးကျော်မင်းဟာ စစ်အစိုးရ လက်ထက်က ထောင်ဒဏ် ၁၇ နှစ်ချမှတ်ခံခဲ့ရပြီး ၂၀၁၂ ခုနှစ်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးပါတီကို မှတ်ပုံတင်ခဲ့ပြီး မိဘတွေ ဆွေမျိုးတွေ အပါအဝင် နိုင်ငံသား ဟုတ်၊ မဟုတ် စိစစ်တာတွေကြောင့် တစ်နှစ်အကြာ ၂၀၁၃ မှာ ပါတီတည်ထောင်ခွင့် ရခဲ့ပါတယ်။
ဦးကျော်မင်းနဲ့အတူ DHRP ပါတီက ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် ၁ က ဦးအောင်လှ၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် ၂ က ဦးစောမြင့်တို့ကိုလည်း မိဘတွေဟာ မွေးဖွားချိန်က နိုင်ငံသားမဟုတ်ဘူးဆိုပြီး ပယ်ချလိုက်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်ထားတဲ့ ဦးအဓူရော်ရှိကို စစ်တွေခရိုင် ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်း အဖြစ်ကနေ ပယ်ချခဲ့ပါတယ်။
ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးပါတီကနေ လာမယ့်ရွေးကောက်ပွဲမှာ ခုနှစ်ယောက် ဝင်ရောက်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်း လျှောက်ထားရာမှာ လေးဦး ပယ်ချခံရတယ်လို့ အတွင်းရေးမှူး ဦးကျော်စိုးအောင်က ပြောပါတယ်။
သူတို့ကို ပယ်ချတာနဲ့ ပတ်သက်ပြီး မောင်တောခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကျော်မြင့်ကို RFA က ဆက်သွယ်မေးမြန်းရာမှတော့ ရွေးကောက်ပွဲဥပဒေနဲ့ မညီလို့ ပယ်ချတာလို့ ပြောပါတယ်။
"ပယ်ချရတာက မွေးဖွားစဉ်က မိဘနှစ်ပါးနိုင်ငံသားမဖြစ်လို့ပေါ့ဗျာ၊ အဓိကအချက်က ဒါဘဲ၊ ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၀ မှာပြဌာန်းထားတာက အဲဒီကိစ္စဘဲ၊ မွေးဖွားစဉ်ကမိဘနှစ်ပါးဟာ နိုင်ငံသားမဟုတ်ဘူးဆိုရင် ပယ်ချပါတယ်၊"
အလားတူ ဘူးသီးတောင်ကနေ တစ်သီးပုဂ္ဂလဝင်ပြိုင်မယ့် အဘူတာဟေရ် (ခ) ဦးသာအေးကိုလည်း မောင်တောခရိုင် ရွေးကောက်ပွဲကော်မရှင်က ပယ်ချခဲ့ပါတယ်။
ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံပိုင်ခွင့်မရှိကြောင်း ကော်မရှင်က တရားဝင် အကြောင်းကြားတဲ့စာမှာ ပယ်ချရတဲ့ကိစ္စကို ကျယ်ကျယ်ပြန့်ပြန့် ခိုင်ခိုင်မာမာရေးထားတာ မရှိဘူးလို့ ဦးသာအေးက ပြောပါတယ်။
ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း လျှောက်ထားမှုကနေ ပယ်ချခံလိုက်ရတဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ် ဦးသားအေးဟာ ပြီးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ မေယုကျောင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ၂၀၁၀ ရွေးကောက်ပွဲမှာ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီတွေက ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး ၂၀၁၀ ခုနှစ်မှာတော့ မဲအနိုင်ရရှိခဲ့ပေမယ့် ကော်မရှင်က လွှတ်တော်ကိုယ်စားလှယ်အဖြစ် အသိအမှတ်မပြုတာကြောင့် လွှတ်တော်ကိုယ်စားလှယ် ဖြစ်ခွင့်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ လျှောက်ထားခဲ့ပေမယ့် ကန့်ကွက်တာတွေရှိတာကြောင့် ပယ်ချခံခဲ့ရပြီး အခု ၂၀၂၀ ရွေးကောက်ပွဲမှာတော့ ကန့်ကွက်သူမရှိဘဲ မိဘတွေ နိုင်ငံသားမဖြစ်တဲ့အတွက်ဆိုပြီး အခုလို ပယ်ချခံလိုက်ရတာ ဖြစ်တယ်လို့ ဦးသာအေးက ပြောပါတယ်။
ဥပဒေအတိုင်းမဆောင်ရွက်ဘဲ ပေါ်လစီအတိုင်း ဆုံးဖြတ်တာလို့ ယူဆကြောင်း ဦးသာအေးက ပြောပါတယ်။
ဒီလိုပယ်လိုက်ခြင်းအားဖြင့် သူတို့ကိုထောက်ခံတဲ့ ပြည်သူတွေကိုပါ ပယ်လိုက်သလိုဖြစ်တဲ့အပြင် အဲဒီလူမျိုးစုကို ပစ်ပယ်လိုက်သလို ဖြစ်နေတယ်လို့ ထောက်ပြပြောဆိုပါတယ်။
သူတို့ပါဝင်ခွင့်ရမှာသာ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးအပါအဝင် အခြားကိစ္စတွေ ပြေလည်နိုင်မယ်လို့ ဦးသာအေးက ပြောပါတယ်။
"ကျနော်တို့ ပါဝင်ခွင့်ရမှဘဲ ဒီလူမျိုးစုတွေ သဟဇာတဖြစ်ရေးကိစ္စ၊ နေရပ်ပြန်လာရေးကိစ္စ၊ ရိုဟင်ဂျာ အရေးကိစ္စ၊ ကျတော်တို့ရဲ့ အေးချမ်းသာယာတဲ့ လူ့ဘောင်သစ် တည်ဆောက်ရေးကိစ္စ၊ ဒါတွေက ဖြစ်လာမှာလေ၊ ကျနော်တို့ပါဝင်ခွင့်မရှိဘဲ ဒါတွေဖြစ်ဖို့က တော်တော်ကိုခက်မယ်၊ ဘာဖြစ်လို့လည်းဆိုရင် ကျနော်တို့က ကာယကံရှင်တွေ ဖြစ်နေလို့လေ"
ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အစ္စလာမ်ကိုယ်စားလှယ်တွေဟာ အသက်အရွယ်အားဖြင့် ၆၀ ကျော်တွေများပြီး ၁၉၉၀ မတိုင်ခင်က အမျိုးသားမှတ်ပုံတင်သာပေးတာကြောင့် မိဘတွေမှာ နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိကြပါဘူး။
မိဘတွေမှာ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိရင် ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ခွင့်မရှိဘူးဆိုတာဟာ ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး လူမျိုးစုတစ်ခုကို ဖိနှိပ်တာလို့ Fortify Rightsအဖွဲ့က မြန်မာနိုင်ငံအခြေစိုက် လူ့အခွင့်ရေးလှုပ်ရှားသူ ကိုနစ်ကီဒိုင်းမွန်းက ဝေဖန်ပါတယ်။
"ရိုဟင်ဂျာတွေအပေါ်မှာ ပစ်မှတ်ထားပြီး ခွဲခြားဆက်ဆံတဲ့ သဘောမျိုးကိုတွေ့ရတယ်၊ ဘာကြောင့် ဒီလို ပြောနိုင်လည်းဆိုရင် ပန်းရောင်ကတ် မှတ်ပုံတင်ထုတ်ပေးတာက ၁၉၉၀မှာထုတ်ပေးတာ၊ ဥပဒေအရ၊ အဲအရင်မွေးဖွားတဲ့လူတွေက ၁၉၉၀မှရတဲ့အတွက် ဘယ်လိုလုပ်ရှိမလဲ၊ သူတို့သာ ၁၉၉၀အရင်က ဆုံးပါးသွားတယ်ဆိုရင် သူတို့က ပန်းရောင်ကတ်မရနိုင်ဘူး၊ ရိုဟင်ဂျာတွေကိုပစ်မှတ်ထားလုပ်တာက ဥပဒေကို လက်တစ်လုံးခြားလုပ်တာ"
ဒီလို လူနည်းစု ရိုဟင်ဂျာ မွတ်စလင်တွေကို ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မပေးရင် နိုင်ငံတကာအမြင်မှာ အရှက်ရစရာ ဖြစ်နေသလို့ ICJ မှာလည်း ရလာဒ်မကောင်းနိုင်တာကြောင့် အစိုးရအနေနဲ့ အစ္စလာမ် ကိုယ်စားလှယ်လောင်းတွေကို ပါဝင်ခွင့်ရအောင် လုပ်သင့်တယ်လို့ ကိုနစ်ကီဒိုင်းမွန်းက တိုက်တွန်းထားပါတယ်။
အမတ ကတ်ဟာ နိုင်ငံသားကတ်မဟုတ်ဘဲ နိုင်ငံသားလျှောက်ခွင့်ရှိသူတွေကို ထုတ်ပေးတာဖြစ်ပြီး သူတို့မိဘတွေဟာ နိုင်ငံသားကတ် မလျှောက်တာကြောင့် အခုလိုငြိစွန်းပြီး အပယ်ချခံရတာလို့ မောင်းတောခရိုင် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးကျော်သန်းကပြောပါတယ်။
အမတ ကိုင်ဆောင်တဲ့မိဘတွေက မွေးဖွားလာခဲ့တဲ့သူတွေဟာ လက်ရှိမှာနိုင်ငံသားအဖြစ် အသိအမှတ်ပြု ခံထားရပေမယ့် ဥပဒေအရ ပါတီထူထောင်ပိုင်ခွင့်၊ မဲပေးပိုင်ခွင့်ရှိသော်လည်း ရွေးကောက်တင်မြှောက်ခံ ပိုင်ခွင့်မရှိဆိုတဲ့ ကန့်သတ်ချက်တွေနဲ့ ငြိစွန်းနေတယ်လို့ ကော်မရှင်တာဝန်ရှိသူတွေက ပြောပါတယ်။