ဒီပဲယင်းမှာ တိုက်ပွဲနဲ့ လေကြောင်း ပစ်ခတ်မှုကြောင့် ဒေသခံတစ်သောင်းခန့် ထွက်ပြေးနေရ
ဒီပဲယင်းမြို့နယ်မှာ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်နေတဲ့အပြင် စစ်ကောင်စီတပ်က လေကြောင်းကနေပါ ပစ်ခတ်နေတာကြောင့် ဘေးလွတ်ရာ ထွက်ပြေးရတဲ့ ဒေသခံ တစ်သောင်းခန့်ရှိပါပြီ။
-
RFA Burmese
2023-11-06 -
-
-
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်နေတဲ့အပြင် စစ်ကောင်စီတပ်က လေကြောင်းကနေပါ ပစ်ခတ်နေတာကြောင့် ဘေးလွတ်ရာ ထွက်ပြေးရတဲ့ ဒေသခံ တစ်သောင်းခန့်ရှိပြီလို့ ဒေသခံတွေနဲ့ ဒီပဲယင်းမှာရှိတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
နိုဝင်ဘာလ ၅ ရက် မနက်က ဒီပဲယင်းမြို့နယ်၊ စိုင်းပြင်မြို့ပေါ်မှာရှိတဲ့ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေ ဝင်ရောက်စီးနင်းတာကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ခဲ့တဲ့အပြင် စစ်ကောင်စီ တပ်ဘက်ကလည်း လေကြာင်းကနေပါ ပစ်ခဲ့တယ်လို့ ဒီပဲယင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“စခန်းစီးနင်းနေစဥ်မှာပဲ လေကြောင်းကနေ ပစ်ခတ်တာကြောင့် စခန်းမသိမ်းနိုင်ခဲ့သလို၊ စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ နှစ်ဖက် ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့တာကြောင့် အနီးအနားက ဒေသခံ တစ်သောင်းဝန်းကျင် ထွက်ပြေးနေရတယ်လို့ သိထားပါတယ်”
တိုက်ပွဲဖြစ်ပြီးနောက် စိုင်းပြင်ဒေသခံတွေလည်း ထွက်ပြေးကြရသလို စစ်ကောင်စီ တပ်သားတွေ ဒီပဲယင်း အရှေ့ဘက်ခြမ်းက ရွာတွေကို စစ်ကြောင်း ထိုးလာတာကြောင့် ရွာ ၁၂ ရွာကျော်က ဒေသခံတွေပါ ထွက်ပြေးနေရတာလို့ ညီနောင်များ စစ်ဘေးရှောင်ကူညီရေး အဖွဲ့က RFA ကို ပြောပါတယ်။
“စစ်ဘေးရှောင်တွေမှာ စုရပ်သီးသန့်မရှိတဲ့အပြင် နီးစပ်ရာ ရွာတွေကို စစ်ဘေး ရှောင်ကြတယ်။ အဲဒီအနီးအနားကို စစ်ကြောင်း ဝင်လာပြီဆိုရင် ထပ်ပြီးပြောင်းရွှေ့ရဆိုတော့ စစ်ဘေးရှောင်ဦးရေ ထပ်တိုးလာတာပါ။ ခန့်မှန်းခြေ ပြောရရင် ဒီပဲယင်း အရှေ့ခြမ်းက ကျေးရွာ ၁၂ ရွာကျော်က စစ်ဘေးရှောင် တစ်သောင်းဝန်းကျင်လောက်ရှိနေပြီ။ အတိအကျတော့ ပြောဖို့တော့ခက်လို့ပါ”
စစ်ဘေးဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး အသေးစိတ် သိရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှုးရုံး (UNOCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးရသူ ရှစ်သိန်းကျော် (၈၁၃,၅၀၀) ရှိနေပြီဖြစ်ပါတယ်။