ဒု-တပ်ရင်းမှူးနဲ့ တပ်သားတစ်ဦး KNLA ကော်ဘရာ စစ်ကြောင်းနဲ့ ပူးပေါင်း

ခမရ (၅၈၅) က ဒု-တပ်ရင်းမှူး ဗိုလ်မှူးတစ်ဦးနဲ့ စစ်သား တစ်ဦး ကရင်ပြည်နယ်က KNLA ကော်ဘရာ စစ်ကြောင်းမှာ လက်နက်နဲ့ အတူ လာရောက် ပူးပေါင်းခဲ့ပါတယ်။

ကော်ဘရာစစ်ကြောင်းနှင့်အတူ ပူးပေါင်းခဲ့တဲ့ ဒု-တပ်ရင်းမှူး ဗိုလ်မှူး တင်လင်းအောင်နှင့် တပ်သား ကိုဟိန်းမင်းထွေတို့ကို ၂၀၂၂ ခုနှစ် ဧပြီလမှာ တွေ့ရစဉ် Photo: Cobra Column

ခမရ (၅၈၅) က ဒု-တပ်ရင်းမှူး ဗိုလ်မှူးတစ်ဦးနဲ့ စစ်သား တစ်ဦး ကရင်ပြည်နယ်က KNLA ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ကော်ဘရာ စစ်ကြောင်းမှာ လက်နက်နဲ့ အတူ လာရောက်ပူးပေါင်း အလင်းဝင်တယ်လို့ စစ်ကြောင်း ပြန်ကြားရေး တာဝန်ခံ တစ်ဦးက မနေ့ ကပြောကြားလိုက်ပါတယ်။

မတ် ၂၆ ရက်နေ့ကတည်းက ဆက်သွယ်ပြီး လာရောက်ပူးပေါင်းတာလို့ ပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေ၊ လေးကေ့ကော်ဒေသကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ တနင်္သာရီတိုင်း အခြေစိုက် စစ်ကောင်စီ ခမရ (၅၈၅) က ဒု-တပ်ရင်းမှူး ဗိုလ်မှူးတင်လင်းအောင်နဲ့ တပ်သား ကိုဟိန်းမင်းထွေးတို့ သေနတ် ၃ လက်နဲ့ လာရောက်ပူးပေါင်းတာလို့ KNLA ကော်ဘရာ စစ်ကြောင်း ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

“ကျနော်တို့နဲ့အတူ ဒီစကစကို ပြန်ပြီးတော့ တော်လှန်မယ်ဆိုတဲ့ဟာမျိုး တွေ့ရပါတယ်။ ဩစီကိစ္စမဟုတ်ဘဲနဲ့၊ ကျနော်တို့နဲ့ ပူးပေါင်းပြီးတော့ စကစကို ပြန်ပြီးတော့ တော်လှန် သွားမှာ ဖြစ်ပါတယ်ဗျ။ ပထမအခေါက်တွေ ကတော့ သုံ့ပန်းအနေနဲ့ ဖမ်းဆီးရမိတာ ပေါ့လေ၊ ဒီလိုမျိုးပဲ ရှိတာပါ၊ ဒီလိုပူးပေါင်းတာကတော့ ဒီတစ်ကြိမ်ကတော့ ပထမအကြိမ် ဖြစ်ပါလိမ့်မယ်ဗျ။"

MA-1 သေနတ်တစ်လက်၊ MA – 3 သေနတ်တစ်လက်နဲ့ ပစ္စတိုတစ်လက်ကို မြွေဟောက် - ကော်ဘရာ စစ်ကြောင်းမှူး ဗိုလ်ကြီး တာပေါက လက်ခံ ရယူတယ်လို့ ပြောပါတယ်။ CDM ဗိုလ်ကြီးညီသုတက လက်ရှိတပ်မတော် အရာရှိတွေထဲမှာ အခုလို ပူးပေါင်းပါဝင်လာသူ ဒု-ဗိုလ်မှူးကြီး ငါးဦးနဲ့ ဗိုလ်မှူးဦးရေ ၂၀ လောက်ရှိနိုင်တယ်လို့ RFA ကိုပြောပါတယ်။

“ကျနော်တို့ သိထားသလောက်မှာပေါ့လေ ဒုတိယဗိုလ်မှူးကြီး level က ငါးဦးနီးပါး လောက်ထိ ရှိလာပြီးတော့မှ ဗိုလ်မှူးဆိုလို့ရှိရင်လည်း ၂၀ နဲ့ ၂၀ အထက်လောက်အထိ ရှိလာပြီဗျ၊ ဒါပေမဲ့ အများစုကတော့ ပေါ်ပေါ်ထင်ထင် မနေဘဲနဲ့ တိတ်ဆိတ်နေကြတာ များပါတယ် ခင်ဗျ။”

ပြီးခဲ့တဲ့ မတ် ၂၆၊ ၂၇ ရက်နေ့တွေမှာ မြဝတီမြို့ လေးကေ့ကော် အနီးဝန်းကျင်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ အများအပြားသေဆုံးခဲ့ပြီး စစ်လက်နက် ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့လည်း သတင်း ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org