ကွတ်ခိုင်မှာ မူးယစ်ဆေးချက်လုပ်တဲ့ပစ္စည်းတွေ ဖျက်ဆီး

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကောင်းခါးနဲ့ လွယ်ခမ်ကျေးရွာ အတွင်းက ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးချက်လုပ်တာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေထဲက အချို့ကို ကွတ်ခိုင်မြို့မှာ ဒီကနေ့ မနက်ပိုင်းက ဖျက်ဆီးခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကောင်းခါးနဲ့ လွယ်ခမ်ကျေးရွာအတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းအချို့ကို ကွတ်ခိုင်မြို့မှာ ၂၀၂၀၊ ဇွန် ၂၃ ရက်နေ့က ဖျက်ဆီးစဉ် ဓာတ်ပုံ - ကံသာ/ RFA

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကောင်းခါးနဲ့ လွယ်ခမ်ကျေးရွာ အတွင်းက ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးချက်လုပ်တာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေထဲက အချို့ကို ကွတ်ခိုင်မြို့မှာ ဒီကနေ့ မနက်ပိုင်းက ဖျက်ဆီးခဲ့ပါတယ်။

ကောင်းခါး နဲ့ လွယ်ခန် ကျေးရွာကနေ အခုနှစ် ဖေဖော်ဝါရီလကနေ မေလ ၁ ရက်နေ့အထိ မူးယစ် ဆေးနဲ့ ဆက်စပ်ပစ္စည်း အမျိုးအစားပေါင်း တစ်ရာကျော်ကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

မူးယစ်ဆေးတွေနဲ့အတူ အမျိုးသား၂၉ ဦး၊ အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၃၃ ဦးကို ဖမ်းဆီးရမိထားပြီး ကျန် ၉၇ ဦးကတော့ တိမ်းရှောင်နေတယ်လို့ ဆိုပါတယ်။

ကား ၂၁ စီး၊ ဆိုင်ကယ်တစ်စီး၊ လက်နက်မျိုးစုံ ၈၆ လက်နက်ခဲယမ်းမျိုးစုံတို့ကိုပါ သိမ်းဆည်းရမိခဲ့တာပါ။

အခုဖျက်ဆီးတဲ့ မူးယစ်ဆေးနဲ့ဆက်စပ်ပစ္စည်းတွေဟာ တပ်မတော် လက်အောက်ခံ ကောင်းခါး ပြည်သူ့စစ်အဖွဲ့ ထိန်းချုပ်နယ်မြေထဲမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး တပ်မတော်က လက်နက်ပြန် အပ်ခိုင်းခဲ့သလို လွယ်ခမ် ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်အချို့ကိုလည်း ထိန်းသိမ်းထားတယ်လို့ အမည်မဖော်လိုတဲ့ ကောင်းခါး ပြည်သူ့စစ်အဖွဲ့အရာရှိတစ်ဦးက RFA ကို ပြောထားပါတယ်။

ကွတ်ခိုင်မှာ ဒီနေ့ဖျက်ဆီးတဲ့ မူးယစ်ဆေးနဲ့ ဆက်စပ်ပစ္စည်းတွေဟာ လားရှိုးကို သယ်ဖို့ခက်ခဲလို့ ကွတ်ခိုင်မှာ ဖျက်ဆီးခဲ့တာဖြစ်ပြီး ကျန်နေတဲ့ မူးယစ်ဆေးဝါးတော့ကိုတော့ လာမယ့် ဇွန်လ ၂၆ ရက်နေ့မှာ ကျရောက်မယ့် ၃၃ကြိမ် မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့မှာ လားရှိုးမြို့မှာ ထပ်မံဖျက်ဆီးမှာဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၄၂၀ နီးပါးတန်ဖိုးရှိတယ်လို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကွတ်ခိုင်ဒေသမှာ လူငယ်တွေ အများစု မူးယစ်သားကောင်ဖြစ်နေရပြီး ရာဘဆေးပြားတွေကတော့ လွယ်လွယ်ကူကူ ဝယ်လို့ရနေတုန်းဖြစ်တယ်လို့ ကွတ်ခိုင်မြို့ တအာင်းစာပေယာဉ်ကျေးမှု ဒု-ဥက္ကဋ္ဌ ဦးထွန်းအောင်က ပြောပါတယ်။

၂၀၂၀ အတွင်း ရှမ်းပြည်နယ်မှာ မူးယစ်ဆေး ဖမ်းဆီးရမိမှုဟာ အရင်နှစ်ထက် အမေရိကန်ဒေါ်လာ ငါးသန်းကျော်အထိ ပိုမိုဖမ်းဆီးနိုင်ခဲ့တယ်လို့ ရှမ်းပြည်မြောက်ပိုင်း ဒု-ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူဇော်က ပြောပါတယ်။

ဇွန်လ၂၆ ရက်နေ့မှာ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ အမေရိကန် ဒေါ်လာ (၂၂၈.၈) သန်းကျော် တန် ဖိုးရှိတဲ့ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်း ၂၉ မျိုးကို မီးရှို့ဖျက်ဆီးမှာဖြစ်သလို တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ အမေရိကန်ဒေါ်လာ ၈၃၅ သန်းနီးပါးရှိ မူးယစ်ဆေးနဲ့ ဆက်စပ် ပစ္စည်းတွေကို လာမယ့် ဇွန် လ၂၆ ရက် နေ့မှာ မီးရှို့ဖျက်ဆီးမှာ ဖြစ်တယ်လို့သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org