ဓမ္မသရွာ လေကြောင်းတိုက်ခိုက်ခံရလို့ နေအိမ်တွေ မီးထပ်လောင်

ဓမ္မသရွာကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ဆက်လုပ်ဆောင်နေတာကြောင့် ဘုန်းတော်ကြီးကျောင်းအပါအဝင် နေအိမ်တွေ မီးထပ်လောင်နေတယ်လို့ ဒေသခံတွေက ဧပြီ ၉ ရက်မှာ ပြောပါတယ်။

ကျိုက်မရောမြို့နယ် ဓမ္မသရွာ မီးလောင်နေသည်ကို ၂၀၂၄ ခုနှစ် မတ်လ ၂၇ ရက်နေ့က တွေ့ရစဉ်။ ဂဠုန်စစ်ကြောင်း

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဓမ္မသရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ဆက်လက်လုပ်ဆောင်နေတာကြောင့် ဘုန်းတော်ကြီးကျောင်းအပါအဝင် ရွာထဲက နေအိမ်တွေ မီးထပ်လောင်နေတယ်လို့ ဓမ္မသရွာ ဒေသခံတွေက ဧပြီလ ၉ ရက်နေ့မှာ ပြောပါတယ်။

ဧပြီလ ၉ ရက် ဒီနေ့မနက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်၊ ဧပြီလ ၈ ရက် မနေ့က ညပိုင်းမှာ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်နဲ့ ဂျိုင်းမြစ်ထဲကနေ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တာတွေကြောင့် နေအိမ်တွေ မီးထပ်လောင်နေတာလို့ ဓမ္မသရွာခံတစ်ဦးက ပြောပါတယ်။

“လေယာဉ်နဲ့ ဗုံးလာကြဲတယ်။ လက်နက်ကြီးနဲ့ပစ်တာ ရွာဘုန်းကြီးကျောင်းကတော့ မီးထဲပါသွားပြီ။ အခုက မီးငြှိမ်းမယ့်သူလည်း မရှိဘူးဖြစ်နေတာ။ ရွာမှာလည်း လူတွေမနေတော့ဘူး။ ဒီတစ်ခါ မီးလောင်တာက အကုန်နီးပါး ပါသွားတော့မှာ”

လက်ရှိမှာတော့ အဲဒီရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ကရင်၊ မွန်အခြေစိုက် ပူးပေါင်းတပ်တွေ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ သူက ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မွန်ပြည်နယ်ပြောခွင့်ရသူ သယံဇာတဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ဓမ္မသရွာ မီးလောင်မှုဟာ စစ်အာဏာသိမ်းသုံးနှစ်ကျော်အတွင်း မွန်ပြည်နယ်မှာ အဆိုးရွားဆုံးဖြစ်ပြီး မတ်လ ၂၇ ရက် မီးလောင်ကျွမ်းမှုမှာ နေအိမ်လေးရာနီးပါး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီအချိန်ကတည်းက ဓမ္မသရွာ ဒေသခံတွေဟာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရပြီး အခုချိန်အထိ နေရပ်မပြန်နိုင်ကြသေးဘူးလို့လည်း ဆိုပါတယ်။

မီးလောင်ပျက်စီးမှုတွေကို လေ့လာစောင့်ကြည့်နေတဲ့ Data for Myanmar အဖွဲ့ရဲ့ စာရင်းအရ စစ်တပ် အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအထိ နိုင်ငံတစ်ဝန်းမှာ နေအိမ် ၇၈,၇၃၇ လုံး မီးရှို့ ဖျက်ဆီးခံခဲ့ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org