မြန်မာ့အရေး တွေ့ဆုံဆွေးနွေးမှု ဖြစ်လာနိုင်ကြောင်း ထိုင်း ဒုနိုင်ငံခြားရေးဝန်ကြီး ပြော

မြန်မာနိုင်ငံတွင်း တွေ့ဆုံဆွေးနွေးမှုကို လမ်းဖွင့်ပေးနိုင်ဖို့ ရည်ရွယ်တယ်လို့ ထိုင်းနိုင်ငံခြားရေး ဒုဝန်ကြီး Sihasak Phuangketkeow က ပြောပါတယ်။

ထိုင်းနိုင်ငံခြားရေး ဒုဝန်ကြီး Sihasak Phuangketkeow အား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့က တွေ့ရစဉ်။ Ministry of Foreign Affairs of the Kingdom of Thailand

ထိုင်းနိုင်ငံက ဦးဆောင်တဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ဆောင်ရွက်မှုဟာ မြန်မာနိုင်ငံတွင်း တွေ့ဆုံဆွေးနွေးမှုကို လမ်းဖွင့်ပေးနိုင်ဖို့ ရည်ရွယ်တယ်လို့ ထိုင်းနိုင်ငံခြားရေး ဒုဝန်ကြီး Sihasak Phuangketkeow က ပြောကြောင်း စင်ကာပူ The Straits Times သတင်းက ဖေဖော်ဝါရီ ၆ ရက် ဒီနေ့ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံကဦးဆောင်နေတဲ့ ဒီအစီအစဉ်ဟာ စစ်ကောင်စီ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) တို့ ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို ဦးတည်သွားစေနိုင်တယ်လို့ ဆိုပါတယ်။

အခုလို ဆွေးနွေးညှိနှိုင်းဖို့အတွက် စစ်ကောင်စီဘက်က သဘောတူထားပြီလား ဆိုတာကိုတော့ Sihasak က ထုတ်မပြောခဲ့ပါဘူး။

အခုနှစ်လယ်ပိုင်းလောက်မှာ ဆွေးနွေးညှိနှိုင်းမှုပုံစံမျိုး စတင်သင့်တယ်လို့ ထိုင်းနိုင်ငံခြားရေး ဒုဝန်ကြီးက ပြောထားပေမယ့် အသေးစိတ်ကိုတော့ ပြောမထားပါဘူး။

တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ နှစ်သောင်းနဲ့ ဒေသခံတွေကို အစားအစာနဲ့ ဆေးဝါးတွေပေးပို့နိုင်ဖို့ ထိုင်း - မြန်မာနယ်စပ်မှာ လူသားချင်းစာနာမှုဆိုင်ရာ ဘေးကင်းဇုန်တစ်ခုကို ဖေဖော်ဝါရီလကုန်ပိုင်းမှာ တည်ဆောက်နိုင်ဖို့ ထိုင်းနိုင်ငံက စီစဉ်နေတယ်လို့ Sihasak က ပြောပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ကြိုးပမ်းမယ့် ဒီအစီအစဉ်ရဲ့ ရည်ရွယ်ချက်ဟာ အဆုံးသတ်မှာ ပဋိပက္ခတွေကို ထိန်းချုပ်နိုင်ပြီး တွေ့ဆုံဆွေးနွေးလမ်းကြောင်းတွေ ပွင့်စေဖို့ဖြစ်တယ်လို့ ဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org