တရုတ်ဘက်က ပိတ်ဆို့လို့ ပြောင်းစိုက်တောင်သူတွေ အကြီးအကျယ် အရှုံးပေါ်
ကပ်ရောဂါ ထိန်းချုပ်ရေးကာလ လမ်းပန်းဆက်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး ပိတ်ဆို့ကန့်သတ်ထားတဲ့ ကာလမှာ မူဆယ်ကနေ တရုတ်နိုင်ငံထဲ ပြောင်းတွေ တင်ပို့ခွင့်မရလို့ နေ့စဉ် ကျပ် သိန်းပေါင်း သောင်းနဲ့ချီပြီး ဆုံးရှုံးနေရတယ်လို့ ပြောင်းစိုက်တောင်သူတွေက ပြောပါတယ်။
-
ကံသာ
2020-05-11 -
-
-
တရုတ်-မြန်မာ နယ်စပ် မူဆယ်၊ မန်ဟီးရီုးမြို့နယ်ခွဲနဲ့ နမ့်ခမ်းမြို့နယ်တွေက ပြောင်းစိုက်တောင်သူတွေဟာ တရုတ်ဘက်ကို ပြောင်းတင်ပို့လို့ မရတဲ့အတွက် နေ့စဉ် ပြောင်းတန်ချိန် ဆယ်နဲ့ချီပြီး ရွှေလီမြစ်ထဲကို စွန့်ပစ်နေကြရပါတယ်။
တရုတ်ဘက်ကို ပြောင်း ဆက်လက်တင်ပို့ခွင့်မရရင် ကျပ်သိန်းပေါင်း သောင်းနဲ့ချီ ဆုံးရှုံနိုင်ပြီး အကြွေးဝန် ပိနိုင်တာကြောင့် ညှိနှိုင်းပေးဖို့ တောင်သူတွေက အစိုးရကို တောင်းဆိုနေကြပါတယ်။
လက်ရှိ တရုတ်ကို တင်ပို့တဲ့ ပြောင်းမျိုးတွေဟာ ရက်ရှည်ထားလို့မရတဲ့အတွက် ပြောင်းတွေကို ရွှေလီမြစ်ထဲ စွန့်ပစ်နေကြရတာလို့ ဒေသခံပြောင်းစိုက်တောင်သူ စိုင်းရီက ပြောပါတယ်။
ဒေသခံတွေဟာ တရုတ်ကလာတဲ့ ပြောင်းမျိုးကိုပဲ ဝယ်ယူစိုက်ပျိုးကြကာ ထွက်လာတဲ့ ပြောင်းတွေကို တရုတ်နိုင်ငံထဲကိုပဲ ပြန်ပြီး တင်ပို့ကြတာလို့ ရှမ်းလူငယ်အဖွဲ့က စိုင်မောဝ်အွမ်ကပြောပါတယ်။
တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ရောဂါ ထိန်းချုပ်ရေးအတွက် ဧပြီလဆန်းကစလို့ နယ်စပ်အပေါက်တွေကို နှစ်လ ပိတ်မယ်လို့ ထုတ်ပြန်ထားတာပါ။
နယ်စပ်ကုန်သွယ်ရေး မရပ်တန့်ဖို့အတွက် မူဆယ် မန့်ဝိန်းနဲ့ ကျင်စန်းကျော့ဂိတ်ပေါက်တွေကိုပဲ ကုန်ဖလှယ်ဖို့ ဖွင့်ထားပြီး ယာဉ်မောင်းအစားထိုးစနစ်နဲ့သာ ဝင်ထွက်ခွင့် ပြုထားတာဖြစ်ပါတယ်။
မူဆယ်မှာ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့လူနာ တွေ့ရှိပြီး ဧပြီ ၂၅ ရက်နေ့ကတည်းက တရုတ်ဘက်က နယ်စပ်စည်းမျဉ်းမှာ နေထိုင်တဲ့သူတွေကိုပါ ဝင်ထွက်ခွင့် လုံး၀မလုပ်ဖို့ ကန့်သတ်လိုက်ပြီးနောက် ပြောင်းတင်ပို့မှုကိုပါ တားမြစ်ခဲ့တာဖြစ်ပါတယ်။
တရုတ်နိုင်ငံထဲ သွားရောက်ရောင်းချခွင့်ရတဲ့ ပြောင်းတွေဆိုရင်လည်း ဈေးနှိမ်ခံကြရတယ်လို့ တောင်သူတွေက ပြောပါတယ်။
တရုတ်ကိုတင်ပို့တဲ့ ပြောင်းတင် ထွေလာဂျီတစ်စီးကို ၁.၃ တန်လောက် တင်နိုင်ပါတယ်။
အရင်က တစ်တန်ကို တရုတ်ယွမ် ၃၅၀၀၊ ၄၀၀၀ လောက် ဈေးရပေမယ့် တရုတ်ထဲ ဝင်ခွင့်မရလို့ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရတဲ့နောက်ပိုင်း ပြောင်းအရည်အသွေးမကောင်းလို့ ဆိုပြီး တစ်တန်ကို ရှစ်ရာနဲ့ တစ်ထောင့်ငါးရာကြားပဲ ရကြတယ်လို့ ဆိုပါတယ်။
တရုတ်ထဲကို ပြောင်းထွေလာဂျီတစ်စီး သွားရောက် ရောင်းချနိုင်ဖို့ စက်လှေခ၊ အလုပ်သမားခ၊ တရုတ် ယာဉ်မောင်းခ အပါအဝင် ကုန်ကျစရိတ် တရုတ်ယွမ် ခြောက်ရာနဲ့ ရှစ်ရာကြား ကုန်ကျတာကြောင့် ဈေးနှိမ်ဝယ်ယူခံရတဲ့ တောင်သူတွေ တွက်မခြေမကိုက်လို့ မြစ်ထဲကို သွန်ပစ်ကြရတယ်လို့ ဆိုပါတယ်။
ဝင်ရောက် ရောင်းချတဲ့ တောင်သူအချို့နဲ့ ထော်လာဂျီတွေကို တရားမဝင်လို့ဆိုပြီး ဖမ်းဆီးခံထားရတာလည်း ရှိတယ်လို့ မန့်ဝိန်းကြီး ဒေသခံ စိုင်းချစ်မောင်က ပြောပါတယ်။
မူဆယ်မြို့နယ် နမ့်ခမ်းမြို့နယ်နဲ့ မန်ဟီရိုးမြို့နယ်အတွင်းမှာ ပြောင်စိုက်ဧက ခန့်မှန်းခြေ သောင်းနဲ့ချီရှိပြီး တစ်ဧကကို စိုက်ပျိုးစရိတ် ဆယ်သိန်းနဲ့ ဆယ့်နှစ်သိန်းကြား ကုန်ကျတယ်လို့ ဆိုပါတယ်။ သူတို့အနေနဲ့ တရုတ်ကို ပြောင်း ဆက်လက်တင်ပို့ခွင့် မရရင် ဆုံးရှုံးမှုတန်ဖို့ ကျပ်သိန်းပေါင်း သောင်းနဲ့ချီ ရှိနိုင်တယ်လို့ ဆိုပါတယ်။
မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့် ကတော့ တောင်သူတွေ ပြဿနာနဲ့ပတ်သက်ပြီး တရုတ်ဘက်ကို ညှိနှိုင်းပေးဖို့ ပြောဆိုထားတယ်လို့ ပြောပါတယ်။
အစိုးရတာဝန်ရှိသူတွေက ညှိနှိုင်းပေးထားတယ် ဆိုပေမယ့်လည်း တောင်သူတွေအတွက်တော့ အခုချိန်အထိ ထူးခြားမှုမရှိသေးဘူးလို့ ပြောကြပါတယ်။