ရခိုင်က မြို့နယ် ၁၇ ခုကို သဘာဝဘေးအန္တရာယ်ကျရောက်ဒေသများအဖြစ် ကြေညာ

မိုခါမုန်တိုင်းတိုက်ခတ်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ် မြို့နယ် ၁၇ ခုကို သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ဒေသတွေအဖြစ် စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ အတွင်း မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားခဲ့သည့် နေရာတချို့ကို ၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်နေ့က တွေ့ရစဉ်။ Zeyar Htun Z

မိုခါမုန်တိုင်းတိုက်ခတ်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်က မြို့နယ် ၁၇ ခုကို သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ-၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ဒေသတွေ အဖြစ် စစ်ကောင်စီက မေလ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။

ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ၊ အမ်း၊ စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ တောင်ကုတ်၊ သံတွဲ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးနဲ့ မြေပုံမြို့နယ်တွေဖြစ်ပါတယ်။

အလွန့်အလွန် အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါ ဖြတ်သန်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ရတဲ့အတွက် အခုလိုကြေညာတာပါ။

ဒီဒေသတွေကို အဓိကထားပြီး ကူညီကယ်ဆယ်ရေးလုပ်ဖို့ဖြစ်တယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်မြင့်က ပြောပါတယ်။

"အခုလိုကြေညာလိုက်တဲ့အတွက် လိုအပ်တဲ့ အမျိုးသားအဆင့် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းရမှာပေါ့။ အဲဒီလို ဖွဲ့စည်းပြီးတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်မယ်။ ပြီးရင် ပြည်တွင်းကရော၊ နိုင်ငံတကာကရော ကူညီကယ်ဆယ် ထောက်ပံ့တာတွေကို စီမံခန့်ခွဲတာတွေ လုပ်မှာပေါ့။ ဖိဖိစီးစီးတော့ အလုပ်လုပ်ခွင့် ရသွားတာပေါ့လေ"

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ-၁၁ အရ နိုင်ငံတစ်ဝန်း ဒါမှမဟုတ် နိုင်ငံနယ်မြေဒေသတစ်ခုခုမှာ အသက်အိုးအိမ်စည်းစိမ်နဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှု အလွန်ကြီးမားတဲ့ ဘေးအန္တရာယ်ကျရောက်တဲ့အခါ မူလအခြေအနေအမြန်ဆုံး ပြန်ရောက်ဖို့ အခက်အခဲရှိရင် အချိန်ကာလနဲ့ နယ်မြေဒေသကို ပိုင်းခြားသတ်မှတ်ပြီး သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ဒေသအဖြစ် သတ်မှတ်ကြေညာနိုင်ပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း မိုခါရဲ့တိုက်ခိုက်မှုကြောင့် တိုင်းနဲ့ ပြည်နယ်တွေမှာ နေအိမ် ၈၆၄ လုံး၊ သာသနိက အဆောက်အအုံ ၁၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁၆ ကျောင်း၊ စာသင်ကျောင်း ၆၄ ကျောင်း၊ ဆေးရုံ၊ ဆေးခန်း ၁၄ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၇ ခု၊ လမ်းမီးတိုင် ၇၁ တိုင်နဲ့ ဌာနဆိုင်ရာ အဆောက်အအုံ ၃၈ လုံး ပျက်ဆီးခဲ့ပြီး ဒေသခံ ပြည်သူ ၃ ဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီက မေလ ၁၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org