နော်ဝေးမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေး အကြောင်းဆွေးနွေး

နော်ဝေးနိုင်ငံ အော်စလိုမြို့မှာ မေလ ၉ ရက် ဒီကနေ့ စတင်ကျင်းပနေတဲ့ Freedom Forum နိုင်ငံတကာ လွတ်မြောက်ရေး ညီလာခံ မှာ မြန်မာနိုင်ငံ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြောင်း ဆွေးနွေးနေပါတယ်။

ကရင်အမျိုးသမီး မဇိုယာဖန်းသည် ဗြိတိန်အခြေစိုက် Burma Campaign (UK) တွင် တက်ကြွစွာ လှုပ်ရှားနေပါသည်။ သူသည် လုပ်ကြံခံလိုက်ရသော ကရင်အမျိုးသား အစည်းအရုံး (KNU) အတွင်းရေးမှူး ပဒိုမန်းရှာ၏ သမီးလည်း ဖြစ်သည်။ Photo Courtesy of Burma Campaign (UK) Photo Courtesy of Burma Campaign (UK)

အဲဒီညီလာခံကို Burma Campaign UK အဖွဲ့က မဇိုရာဖန်းလည်း တက်ရောက်ပြီး မြန်မာနိုင်ငံက အခြေအနေတွေကို တင်ပြခဲ့ပါတယ်။

“ဟုတ်ကဲ့၊ အဓိကကတော့ ဒီ အော်စလို Freedom Forum က နိုင်ငံအသီးသီးမှာ ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေပေါ့နော်၊ အဲဒါ ဒီ ဖိုရမ်ကနေတဆင့် ကမ္ဘာကို သူတို့ တင်ပြချင်တယ်။ အဲဒါကြောင့် မြန်မာပြည်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အင်မတန်ကို ဆိုးဝါးနေတဲ့ အကြောင်းကို ဖော်ပြတဲ့အတွက်ပေါ့နော်၊ ဒီ Freedom Forum က မြန်မာပြည်အကြောင်းကို ထည့်ထားတာ ဖြစ်ပါတယ်။”

“အဓိက ကျွန်မပြောနေတာကတော့ပေါ့နော်၊ အခု လက်ရှိ မြန်မာပြည် အခြေအနေက လုံးဝ ဆိုးဝါးနေပါတယ်။ ပြောင်းလဲမှုတွေ မရှိသေးဘူးပေါ့နော်။ အဲဒါကြောင့် နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေလည်း ပိုပြီးတော့ လိုအပ်နေသေးတယ်လို့ ကျွန်မ အဓိက ပြောတာ ဖြစ်ပါတယ်။”

Burma Campaign UK အဖွဲ့က မဇိုရာဖန်း ပြောသွားတာ ဖြစ်ပါတယ်။

ဒီညီလာခံကို နိုဘယ်လ် ငြိမ်းချမ်းဆုရှင်တွေ နှစ်စဉ်တွေ့ဆုံတဲ့ သုံးနှစ်မြောက် အစည်းအဝေးနဲ့ တိုက်ဆိုင်ပြီး ကျင်းပတာ ဖြစ်ကြောင်း သိရပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်လို့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်တွေ ဖြစ်တဲ့ အီရန် တရားသူကြီးဟောင်း ရှီရင် အီဘာဒီနဲ့ မြေမြှုပ်မိုင်း ပပျောက်ရေး ဦးဆောင်လှုပ်ရှားနေသူ ဟောလီးဝုဒ် ရုပ်ရှင်သရုပ်ဆောင် မင်းသမီး ဂျိုဒီ ဝီလီယမ်စ်တို့လည်း ဦးဆောင် ဆွေးနွေးခဲ့ကြပါတယ်။

Freedom Forum လွတ်မြောက်ရေးညီလာခံကို နယူးယောက်အခြေစိုက် Human Rights Foundation က ဦးစီးပြီး နော်ဝေးနိုင်ငံက AI လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးနဲ့အတူ လူ့အခွင့်အရေး လှုပ်ရှားတဲ့ အဖွဲ့အစည်းတွေ ပူးပေါင်း ပါဝင် ကျင်းပခဲ့တာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org