တရားဝင်စာထုတ်ဖို့ ဝန်ကြီးဌာနကို ဆရာဝန်တွေ တောင်းဆို
တပ်မတော်အရာရှိတွေ ကျန်းမာရေး ဌာန ရွေ့ပြောင်းတဲ့ အစီအစဉ်ကို ကန့်ကွက်နေတဲ့ အနက်ရောင် ဖဲကြိုးတပ်ဆင် လှုပ်ရှားမူအဖွဲ့က ကျန်းမာရေးဝန်ကြီး ဌာနအနေနဲ့ အစီအစဉ်ဖျက်သိမ်းကြောင်း တရားဝင် စာထုတ်ပြန်ပေးဖို့ တောင်းဆိုထားတယ်လို့ လှုပ်ရှားမှုအဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဒေါက်တာလှဟန် က RFA ကိုပြောပါတယ်။
-
2015-08-11 -
-
-
တပ်မတော်အရာရှိတွေ ကျန်းမာရေးဌာန ရွေ့ပြောင်းတဲ့ အစီအစဉ်ကို ကန့်ကွက်နေတဲ့ အနက်ရောင် ဖဲကြိုးတပ်ဆင် လှုပ်ရှားမူအဖွဲ့က ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ အစီအစဉ်ဖျက်သိမ်းကြောင်း တရားဝင်စာထုတ်ပြန်ပေးဖို့ တောင်းဆို ထားတယ်လို့ လှုပ်ရှားမှုအဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဒေါက်တာလှဟန် က RFA ကိုပြောပါတယ်။
"နှစ်ချက်ပေါ့နော် တရားဝင်စာထုတ်ဖို့ပေါ့နော်၊ နောက်နောင်မှာ စစ်ဘက်ကအရာရှိတွေကို ကျန်းမာရေး ဝန်ကြီးဌာနကို မထည့်တော့ပါဘူးလို့ တရားဝင်ခိုင်မာသော စာတစ်စောင်ထုတ်ပေးဖို့ နောက်တစ်ချက်က ဟိုတုန်းကဝင်ထားတဲ့သူတွေလည်းရှိတယ်ဗျ။ အဲ့ဒါတွေကိုတော့ထားလိုက် ဘာဖြစ်လို့လဲဆိုတော့ သူတို့လည်းအခြေတကျဖြစ်ပြီပေါ့၊ လောလောလတ်လတ် သွင်းလာတဲ့သူတွေကိုတော့ သူတို့ကပြန်ဖျက်ပေး ဖို့ အဲ့နှစ်ချက်ကိုကျနော်တို့က ရည်ရွယ်ပြီးစောင့်ကြည့်သွားမယ်လို့ ပြောပြတာပါ"
တပ်မတော်အရာရှိတွေ ကျန်းမာရေးဝန်ကြီးဌာနမှာ ရွှေ့ပြောင်းတာဝန်ပေးမယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်က မနေ့က ပြောကြားခဲ့ပါတယ်။ အဲဒီ တပ်မတော်အရာရှိတွေကို ကျန်းမာရေးဝန်ကြီးဌာနမှာ ခန့်အပ်ဖို့အတွက် ကမ်းလှမ်းခဲ့တာဖြစ်ပြီး ဆရာဝန်အများစုက လက်မခံတဲ့အတွက် အစီအစဉ်ကို ဖျက်သိမ်းလိုက်တာဖြစ်တယ်လို့ ဝန်ကြီး ဒေါက်တာသန်းအောင်က ပြောပါတယ်။
"မကြိုက်ဘူးဆို မခေါ်ဘူးပေါ့ဗျာ၊ ရန်ကုန်ဆေးရုံကြီးမှာ အောက်ခြေဝန်ထမ်း ၅ဝဝ ကျော်ရှိတယ်၊ အန်ကယ် တာဝန်မယူခင်ကနဲ့ တာဝန်ယူပြီးတဲ့အခါ ရန်ကုန်ဆေးရုံကြီးမှာ သန့်ရှင်းရေးတွေ၊ လုံခြုံရေးတွေ သမီး တို့မြင်တဲ့အတိုင်းပဲ၊ ဒီလူတွေကို စီမံခန့်ခွဲဖို့အတွက် ဆေးရုံအုပ်ကြီးတွေက မိန်းကလေးတွေဆို ဘယ်လို အုပ်ချုပ်မလဲ၊ ဆရာဝန်ကြီးတွေကလည်း မိန်းကလေးတွေများတယ်လေ၊ ဆရာဝန်ဆိုတာ နဂိုကတည်း က နူးညံ့သိမ်မွေ့ပြီးသားလေ၊ ဒီလိုအုပ်ချုပ်ဖို့အတွက် တချို့နေရာတွေမှာ အုပ်ချုပ်တဲ့လူတွေလိုသေးတယ်၊ ဒါကြောင့် တချို့လူတွေ ပါလာတာပေါ့၊ မခေါ်နဲ့ဆိုရင်လည်း မခေါ်တော့ဘူး"
ဒီအတောအတွင်း ကျန်းမာရေးဝန်ကြီးဌာနကို ပြောင်းရွှေ့ခန့်အပ်ထားပြီးဖြစ်တဲ့ တပ်မတော်အရာရှိ ၁၄ဦးကို ဆက်လက်ထားရှိမယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိန်ဝင်းက မနေ့ကညပိုင်းမှာ ပြောဆိုကြောင်း သိရပါတယ်။ ခန့်ထားပြီးသား တပ်မတော်အရာရှိတွေကို ဆက်လက်ထားရှိမှာဖြစ်ပေမယ့် ထပ်မံခန့်အပ်တာကိုတော့ ရပ်ဆိုင်းထားမယ်လို့ သူက ပြောဆိုကြောင်း မဇ္ဈိမ သတင်းမှာ ဖေါ်ပြထားပါတယ်။