အာရှ ငွေကြေးဈေးကွက်မှာ အမေရိကန် ဒေါ်လာ တန်ဖိုး အားလျော့လာ
အမေရိကန်ပြည်ထောင်စုမှာ ငွေစုလက်မှတ်တွေ အတိုးနှုန်းထား အားလျော့လာတယ်ဆိုတဲ့ သတင်းနဲ့ အမေရိကန်နဲ့ တရုတ်တို့အကြား ကုန်သွယ်ရေး တင်းမာမှုအရှိန် နဲနဲလျော့လာတယ် ဆိုတဲ့ သတင်းတွေနဲ့အတူ အာရှ ငွေကြေးဈေးကွက်မှာ အမေရိကန်ဒေါ်လာ တန်ဖိုးဟာ ဒီနေ့ အားပျော့လာခဲ့ပါတယ်။
-
2018-12-04 -
-
-
Your browser doesn’t support HTML5 audio
အမေရိကန်ပြည်ထောင်စုမှာ ငွေစုလက်မှတ်တွေ အတိုးနှုန်းထား အားလျော့လာတယ်ဆိုတဲ့ သတင်းနဲ့ အမေရိကန်နဲ့ တရုတ်တို့အကြား ကုန်သွယ်ရေး တင်းမာမှုအရှိန် နဲနဲလျော့လာတယ်ဆိုတဲ့ သတင်းတွေနဲ့အတူ အာရှငွေကြေးဈေး ကွက်မှာ အမေရိကန်ဒေါ်လာ တန်ဖိုးဟာ ဒီနေ့ အားပျော့လာခဲ့ပါတယ်။
စင်ကာပူနိုင်ငံမှာ ဒီညနေ ဈေးကွက်ပိတ်ချိန်မှာ တဒေါ်လာကို ဂျပန်ယန်းငွေ ၁၁၃.၀၈ သာ လဲလှယ်နှုန်းရှိခဲ့ပါတယ်။
တခြားငွေကြေးဈေးကွက်တွေမှာလည်း တရုတ် ယွမ်ငွေနဲ့ တောင်ကိုရီးယား ဝမ်ငွေတို့ ဈေးမြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာတော့ ဒီညနေ ရန်ကုန်မြို့ ကမ္ဘောဇဘဏ် ဈေးကွက်ပိတ်ချိန်မှာ မြန်မာကျပ်ငွေ လဲလှယ်နှုန်းကတော့ အမေရိကန် တဒေါ်လာ ကို ဝယ်ဈေး ၁၅၁၈ ကျပ်၊ ရောင်းဈေး ၁၅၃၀ ရှိတယ်လို့ သိရပါတယ်။
ဒီဇင်ဘာလဆန်းပိုင်းလောက်က တစ်ဒေါ်လာ ကျပ် ၁၅၇၀ ရှိရာကနေ ဒီကနေ့ ဒီဇင်ဘာလ ၄ ရက်နေ့ မှာတော့ တစ်ဒေါ်လာ ကျပ် ၁၅၀၀ အထိ ကျဆင်းလာခဲ့ပါတယ်။
အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ရဲ့ ကုန်သွယ်ရေးစစ်ပွဲကြောင့် ပြီးခဲ့တဲ့ဇွန်လပိုင်းလောက်ကတည်းက မြန်မာနိုင်ငံမှာ ဒေါ်လာဈေးတွေ အဆမတန်မြင့်တက်လာပြီး တရားမဝင်ငွေကစားကြတဲ့သူတွေကြောင့် ကုန်ဈေးနှုန်းတွေလည်း တက်ခဲ့ရပါတယ်။
အခုလည်း အမေရိကန်နဲ့ တရုတ်သမ္မတနှစ်ဦးတို့က ကမ္ဘာ့ထိပ်သီးစက်မှုနိုင်ငံများ ထိပ်သီးညီလာခံ ဂျီ ၂၀ ဆွေးနွေးပွဲမှာ ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီး အတားအဆီးတွေ ထပ်မလုပ်ကြဖို့ဆိုပြီး သဘောတူခဲ့တာကြောင့် အခုလိုဒေါ်လာဈေးဟာလည်း ပြန် ကျလာရတယ်လို့ ဆိုကြပါတယ်။
ဒေါ်လာဈေး အခုလိုထိုးဆင်းလာတာဟာ ကုန်သည်လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ကိုင်ရခက်ခဲ့တယ်လို့ ပြောကြပြီး ဈေးတစ်ခုတည်းမှာ တစ်သမတ်တည်းဖြစ်ဖို့ အရေးကြီးတယ်လို့ စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ပြောပါတယ်။
‘’ဒေါ်လာဈေး အေးတဲ့အတွက်ကြောင့် import လုပ်တဲ့သူတွေကတော့ အဆင်ပြေတာပေါ့နော်၊ ဒေါ်လာပြန် ဝယ်တဲ့အခါကျရင် ဈေးနှုန်းသက်သာတယ်၊ သို့သော်လည်း export လုပ်တဲ့သူတွေကတော့ ရုတ်တရက်ပြောင်းလဲ သွားလို့ တချို့ဆို ငွေမချေတဲ့အပိုင်းလည်းရှိသေးတာပေါ့နော်၊ အဲဒီအချိန်မှာသူတို့အတွက်ကျတော့ နဲနဲလေး လုပ်ရကိုင်ရတာ ခက်တာပေါ့နော်၊ ဈေးနှုန်းကလည်း အတက်အကျကြမ်းတဲ့ပုံစံဖြစ်နေတယ်၊ ဒီနေ့လည်းဈေး ကျတယ် မနေ့က တစ်ဒေါ်လာ ၄၊ ၅၀ ကျတယ်၊ ဒီညနေ နေ့ခင်းဖက်ကျတော့ တခေါက်ပြန်တက်လာတယ်၊ အတက်အကျဖြစ်နေတယ် အကျချည်းပဲတော့မဟုတ်ဘူး၊ နာရီပိုင်းအတွင်းကို တစ်ဒေါ်လာကို ၂၀ ၃၀ ပြောင်းလဲ လိုက်တော့ ခက်တယ်၊ တန်းတစ်ခုမှာတော့ တည်ငြိမ်ရင် ပိုလွယ်မယ်’’
အခုလိုဒေါ်လာဈေး ကျဆင်းလာတဲ့အတွက် ပြည်ပသွင်းကုန်လုပ်ငန်းပိုင်းမှာ အသားစီးရလာတဲ့အတွက် အဓိကစက်သုံးဆီဈေးတွေ ကျလာနိုင်မှာလို့ ဆိုကြပါတယ်။
သွင်းကုန်လုပ်ငန်းရှင်တွေကတော့ ပိုကောင်းတဲ့အခြေအနေမှာ ရောက်မှာဖြစ်ပြီး ပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ အခုလိုငွေဈေး အတက်အကျကြမ်းတဲ့ အခြေအနေမှာတော့ စိုးရိမ်မှုတွေရှိလာနိုင်မှာလို့ သုံးသပ်ကြပါတယ်။
အခုလိုငွေဈေးကျတာကို ကြိုဆိုတယ်လို့ စီးပွားရေးပညာရှင်တစ်ဦးဖြစ်တဲ့ ဦးလှမောင်က ပြောပါတယ်။
‘’အခုအခြေအနေအရဆိုရင် ဘာစိုးရိမ်စရာမှမရှိပါဘူး၊ ဘာလို့လဲဆိုတော့ နိုင်ငံခြားကို ပစ္စည်းတွေသူများနဲ့ ပြိုင်ပြီးတော့ တင်ပို့မယ့်အချိန်ဆိုရင်တော့ မြန်မာငွေတန်ဖိုးတက်ရင် စိုးရိမ်ရတယ်၊ တကယ်ကျတော့ မြန်မာနိုင်ငံ က ဘယ်သူနဲ့ပြိုင်ပြီးယှဉ်ပြီးတော့ ပို့တာမှမရှိတာ ထိုင်းတို့ ဗီယက်နမ်တို့က ဆန်အကောင်းတွေပို့တာ၊ ကျနော်တို့က ဆန်အညံ့တွေ့ပဲ၊ ပြိုင်ဖက်မှမရှိတာ ဘာမှငွေကြေးတန်ဖိုးချစရာမလိုဘူး၊ ကမ္ဘာမှာဘယ်ပစ္စည်းမှ ပဲမျိုးစုံပဲ အိန္ဒိယဈေးကွက်ပါပဲ US ဒေါ်လာ တန်ဖိုးတက်တာ မကောင်းပါဘူး၊ မြန်မာငွေတန်ဖိုးတက်မှ ကောင်းတာပါလို့’’
တည်ငြိမ်တဲ့ငွေးကြေးဈေးကွက်ဖြစ်မှသာ မြန်မာ့ကုန်သွယ်ရေးနဲ့ စီးပွားရေးအခြေအနေတွေက လုပ်ကိုင်လာနိုင်မှာပါလို့ ဘဏ်လုပ်ငန်းပညာရှင်တစ်ဦးဖြစ်တဲ့ ဦးဇော်လင်းထွန်းက ပြောပါတယ်။
‘’ကျတာကောင်းလား တက်တာကောင်းလားဆိုရင်တော့ ဖြစ်သင့်တဲ့ဈေးနှုန်းဖြစ်တာတော့ အကောင်းဆုံးပေါ့နော် အရမ်းကြီးထိုးစိုက်ဆင်းပြီး ဆက်တိုက်ကြီးကျလာရင်လည်း economy မှာ impact ရှိတာပေါ့၊ သတ်မှတ်ချက် ကတော့ ဈေးကွက်က သတ်မှတ်သွားတာပါပဲ၊ စောင့်ကြည့်လေ့လာနေဆဲပါပဲခင်ဗျ’’
ပြည်သူတွေ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို မခံစားနိုင်ဖို့ ဒေါ်လာဈေးကျဆင်းလာပြီး တည်ငြိမ်တဲ့ဈေးကွက်ဖြစ်ဖို့ အရေးကြီးတယ်လို့ စီးပွားရေးအသိုင်းအဝိုင်းက ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်ခင်ဗျာ။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။