အမေရိကန်တစ်ဒေါ်လာ ၆၀၀၀ ကျော်အထိ စံချိန်တင်မြင့်တက်နေ

ပြင်ပဒေါ်လာအရောင်းအဝယ်စျေးကွက်မှာတော့ တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၆၂၀၀ အထိ စျေးခေါ်နေတာ တွေ့ရတယ်လို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။

အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေများကို တွေ့ရစဉ်။ RFA

မြန်မာနိုင်ငံမှာ ဒေါ်လာစျေး ရွှေစျေး စံချိန်တင်မြင့်တက်လာနေပြီး ဩဂုတ်လ ၉ ရက်မှာ အမေရိကန်တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ခြောက်ထောင်ကျော်အထိ မြင့်တက်လာခဲ့သလို အခေါက်ရွှေတစ်ကျပ်သား ကျပ်သိန်းခုနစ်ဆယ်ကျော် အထိ ရောက်လာခဲ့ပါတယ်။

ပြင်ပဒေါ်လာအရောင်းအဝယ်စျေးကွက်မှာတော့ တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၆၂၀၀ အထိ စျေးခေါ်နေတာ တွေ့ရတယ်လို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။ ဩဂုတ်လ ၈ ရက်နေ့ မနက်မှာ တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၅၅၀၀ ကျပ်ပဲရှိခဲ့တာပါ။

ရွှေစျေးကလည်း ဩဂုတ် ၈ ရက်နေ့က သိန်း ၇၀ အောက်ပဲရှိရာကနေ တစ်ရက်အတွင်းမှာ သိန်း ၇၀ အထက်တက်လာခဲ့တာလို့ ရွှေလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။

“မနေ့ကအထိအပြင်မှာ သိန်းခုနစ်ဆယ်အောက်မှာပဲရှိသေးတယ်၊ ဒီနေ့ မိုးလင်းတော့ သိန်းခုနစ်ဆယ်အထက်ကို ကြားနေရတယ်၊ အရောင်းအဝယ်ဖြစ်တာ မဖြစ်တာတော့ မသိဘူး၊ ရန်ကုန်တစ်မြို့လုံးက ရွှေဆိုင်တွေက အထည်ပဲရောင်းတာ အတုံးလည်း မရောင်းဘူး"

အထက်မြန်မာပြည်မှာ နိုင်ငံရေး စစ်ရေး မတည်ငြိမ်မှုတွေကြောင့် တန်ဖိုးရှိပြီး ကျစ်ကျစ်လစ်လစ်နဲ့ သယ်ဆောင် ရလွယ်ကူတဲ့ပစ္စည်းတွေကို ဝယ်နေတာဖြစ်ပြီး ကြိုက်ရောင်း ကြိုက်ဝယ်စျေးကွက် တစ်ခုဖြစ်လာတယ် လို့လည်း သူက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းခင်က အခေါက်ရွှေတစ်ကျပ်သားကို ၁၃ သိန်းကျော်သာ ရှိခဲ့ရာကနေ အခုတော့ အရင်ထက် ငါးဆအထိ မြင့်တက်နေတာဖြစ်ပါတယ်။ ဒေါ်လာစျေးကလည်း အာဏာမသိမ်းခင်က တစ်ဒေါ်လာကို ၁၄၀၀ ကျပ်သာ ရှိခဲ့တာပါ။

ထိုင်းဘတ်ငွေဟာလည်း ဩဂုတ်လ ၉ ရက် မနက်မှာ မြန်မာငွေတစ်သိန်းကို ထိုင်းဘတ် ၅၈၀ လောက်အထိ ဖြစ်သွားခဲ့ပြီး ညနေပိုင်းမှာတော့ တစ်သိန်းကို ထိုင်းဘတ် ၅၉၀ ဝန်းကျင် ပြန်ဖြစ်လာတယ်လို့ ထိုင်း-မြန်မာ ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။


2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org