အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့် မဲဆွယ်ပွဲမှာ သေနတ်နဲ့ ပစ်ခတ်ခံရ

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့် ပန်ဆယ်ဗေးနီးယားပြည်နယ်၊ ဘတ်တလာမြို့မှာ စနေနေ့က မဲဆွယ်စည်းရုံးချိန် သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပါတယ်။

အမေရိကန်သမ္မတဟောင်း၊ ရီပတ်ဘလီကန်ပါတီ သမ္မတကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရန့် ၂၀၂၄ ခုနှစ် ဇူလိုင် ၁၃ ရက်နေ့က ပန်ဆယ်ဗေးနီးယားပြည်နယ်၊ ဘတ်တလာမြို့ ၌ ပြုလုပ်သည့် မဲဆွယ်စည်းရုံးရေးပွဲတွင် ပစ်ခတ်ခံရစဉ်။ AP/Evan Vucci

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့် ပန်ဆယ်ဗေးနီးယားပြည်နယ်၊ ဘတ်တလာမြို့မှာ စနေနေ့ ညနေပိုင်းအချိန် မဲဆွယ်စည်းရုံးမှုပြုလုပ်နေချိန် သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ အေပီသတင်းမှာ ဖော်ပြပါတယ်။

ဒီပစ်ခတ်မှုမှာ သေနတ်သမားနဲ့ ပွဲကို တက်ရောက်လာသူတစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်နယ်ထရန့်ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့က ထုတ်ပြန်ချက်မှာတော့ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုဖြစ်ဟန်တူပြီး ထရန့်ကတော့ စိုးရိမ်စရာမရှိဘူးလို့ ဖော်ပြပါတယ်။

လက်ရှိ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်လက်ထက် တရားမဝင်နယ်စပ်ဖြတ်ကျော်မှုတွေအကြောင်း ထရန့်က စင်ပေါ်မှာ ဟောပြောနေတဲ့ အချိန်ခဏအတွင်းမှာပဲ သေနတ်သံအနည်းဆုံးငါးချက် ထွက်ပေါ်ခဲ့တာလို့ ဆိုပါ တယ်။

သေနတ်ပစ်ခတ်မှုဖြစ်ပွားတဲ့အချိန် ထရန့်ဟာ နားတစ်ဖက်ကိုအုပ်ပြီး လုံခြုံရေးအစောင့်တွေနဲ့အတူ စင်ပေါ်ကဆင်းသွားခဲ့ပြီး သူ့ရဲ့ကားဆီ မသွားခင် ပွဲတက်လာသူတွေကို လက်သီးလက်မောင်းတန်း ပြခဲ့တယ်လို့ အေပီ သတင်းက ဖော်ပြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org