၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်မယ်လို့ UNFC ခေါင်းဆောင် ခူဦးရယ် ပြောကြား

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN ဟာ ၂၁ ရာစုပင်လုံ ညီလာခံကို တက်ရောက်သွားမယ်လို့ DPN အဖွဲ့ခေါင်းဆောင် ခူဦးရယ် က ပြောပါတယ်။

ရန်ကုန်မြို့ ရွှေလီလမ်းက NRPC မှာ ၂၁ ရာစု ပင်လုံညီလာခံ ပြင်ဆင်ရေးကော်မတီ ၂ နဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN တို့ သြဂုတ်လ ၂ဝ ရက်နေ့က တွေ့ဆုံဆွေးနွေးစဉ် Photo: Aung Thain Kha/RFA

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN ဟာ ၂၁ ရာစုပင်လုံ ညီလာခံကို တက်ရောက်သွားမယ်လို့ DPN အဖွဲ့ခေါင်းဆောင် ခူဦးရယ် က ပြောပါတယ်။

ဒီနေ့ ရန်ကုန်မြို့ ရွှေလီလမ်းက NRPC ရုံးမှာ ၂၁ ရာစုပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော်မတီနဲ့ DPN ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီကိုယ်စား လှယ်တွေ တွေ့ဆုံပွဲအပြီးမှာ ခူဦးရယ် က ပြောတာဖြစ်ပါတယ်။

"ဒီအဖွဲ့ ၃ ဖွဲ့ကိုလည်း လောလောဆယ် အဓိကတော့ သူတို့ဖိတ်ကြားထားဖို့ အစိုးရဘက်က ပြန်လည် စဉ်းစားနေ တယ်ဆိုတဲ့ သဘောရှိနေတယ်လို့ပဲ ကျနော် အကြမ်းမျဉ်းပြောလို့ ရမယ်ထင်ပါတယ်နော်၊ မူလကတော့ သူတို့ ဖိတ်ကြားဖို့ဆိုပြီး ပြင်ဆင်ထားပါတယ်၊ တကယ်တမ်း ဒီ ၃ ဖွဲ့က ခေါင်းဆောင်တွေနဲ့ သူတို့တွေ့တဲ့အခါမှာ ညှိနှိုင်းဆွေးနွေးမှုက သူတို့အဆင်မချောတဲ့သဘောဖြစ်တော့ ဖိတ်ကြားမှုကို သူတို့ခဏရပ်ဆိုင်းထား ပြီးတော့ ပြန်လည်သုံးသပ်တယ်ဆိုတဲ့ အနေအထားမျိုးကို ကျနော်တို့ ကြားရပါ တယ်နော်၊ ကျနော်တို့ကတော့ ကျင်းပရေးကော်မတီမှာ ပါဝင်ပူးပေါင်းပြီဆိုရင်တော့ တက်ဖို့ဆိုတဲ့ အနေအထားကတော့ ပိုပြီးသေချာပါတယ်"

ဆွေးနွေးပွဲမှာ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကိစ္စတွေကို မဆွေးနွေးဘဲ ၂၁ ရာစု ပင်လုံညီလာခံ အောင်မြင်အောင် ကျင်းပနိုင် ဖို့သာ အသေးစိတ်ဆွေးနွေးခဲ့ကြတယ်လို့ ၂၁ ပင်လုံညီလာခံ ဖြစ်မြောက်ရေးကော်မတီဝင် ဦးလှမောင်ရွှေက ပြောပါတယ်။

မနက်ဖြန်မှာ ညီလာခံနဲ့ပတ်သက်ပြီး ဖိတ်ကြားမယ့်သူတွေ၊ ညီလာခံသဘာပတိရွေးချယ်တာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေး သွားကြမှာ ဖြစ်ပါတယ်။

ဒီအတောအတွင်း မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၆၀ ကျော်ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေ ရပ်တန့်ဖို့အတွက် ၂၁ ရာစုပင်လုံ ညီလာခံဟာ အရေးကြီးကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးဂျင်မီက ပြောပါတယ်။

ဒီကနေ့ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှာ ကျင်းပတဲ့ ၂၁ ရာစုပင်လုံညီလာခံ ကြိုဆိုထောက်ခံချီတက်ပွဲမှာ သူက ပြောခဲ့တာဖြစ်ပါတယ်။

"ကျဉ်ဆံတွေ ဖြုန်းပစ်လိုက်ကြတာပဲဗျ၊ အမြှောက်တွေကို ဖြုန်းပစ်လိုက်ကြတာပဲ၊ အမြှောက်တစ်လုံး ရဲ့တန်ဖိုးဟာ ၅ ယောက်ရှိတဲ့ မိသားစုတစ်စု တစ်လလောက် ထိုင်စားလို့ရတယ်၊ ကျည်ဆံတစ်လုံးရဲ့တန်ဖိုး ကျနော်တို့ သားငယ်၊ သမီးငယ်တွေ ခုနှစ်ရက် အာဟာရအားဖြည့်လို့ရတယ်၊ ကျနော်တို့တိုင်းပြည်ကြီး ဆင်းရဲမွဲတေမှုကို ပြန်ပြီးတော့ အနှစ်ချုပ်လိုက်လို့ရှိရင် ကျနော်တို့တိုင်းပြည်မှာ စစ်ပွဲတွေဖြစ်နေလို့ ဖြစ် ပါတယ်၊ အဲ့ဒီစစ်ပွဲတွေကို ကျနော်တို့ ရပ်တန့်ဖို့အတွက်ဆိုရင် ၂၁ ရာစု ပင်လုံညီလာခံလို အမျိုးသားပြန် လည်သင့်မြတ်ရေး ညီလာခံဟာ အင်မတန်မှ အရေးကြီးပါတယ်၊ နှစ်ပေါင်း ၃ဝ လောက် ကျနော်တို့ မျှော် လင့်တောင့်တခဲ့တဲ့ ညီလာခံတစ်ခုလည်းဖြစ်ပါတယ်"

၂၁ ရာစုပင်လုံ ညီလာခံ ကြိုဆိုထောက်ခံ ချီတက်ပွဲနဲ့ ဟောပြောပွဲဟာ ရန်ကုန်တိုင်းမှာ ဒါပထမဆုံးအကြိမ်ကျင်းပ တာဖြစ် ပါတယ်။

အဲဒီချီတက်ပွဲမှာ လူဦးရေ ၁၀၀ ကျော်ပါဝင်ခဲ့ပြီး ရွှေပြည်သာမြို့နယ်က စက်ရုံ အလုပ်သမားတချို့နဲ့ ကျောင်းသား သမဂ္ဂ အဖွဲ့ဝင်တွေလည်း ပါဝင်ခဲ့ပါတယ်။

လမ်းလျှောက်ချီတက်သူတွေဟာ ၂ မိုင်ကျော် လမ်းလျောက်ကြတာဖြစ်ပြီး ဟောပြောပွဲကို ၁၀ ရပ်ကွက် ဘောလုံး ကွင်းမှာ ကျင်းပတာဖြစ်ပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org