ဒေါက်တာ အောင်မိုးညိုကို စစ်ကောင်စီက ထောင် တစ်နှစ် ထပ်ချ

ထောင် နှစ် ၂၀ ချမှတ်ခံထားရတဲ့ မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုကို မကွေးမြို့နယ် တရားရုံးက ဧပြီ ၈ ရက် ဒီနေ့မှာ ထောင်ဒဏ် တစ်နှစ် ထပ်မံချမှတ် လိုက်တယ်လို့ ဒေါက်တာ အောင်မိုးညိုရဲ့ ရှေ့နေ ဦးမြင့်အောင်က ပြောပါတယ်။
ဒေါက်တာ အောင်မိုးညိုကို မကွေးခရိုင် ရွေးကောက်ပွဲ အရာရှိက ရွေးကောက်ပွဲ မလျော်ဩဇာသုံးမှု ရာဇသတ်ကြီးဥပဒေပုဒ်မ - ၁၇၁(စ) နဲ့ တရားစွဲဆိုထားတာဖြစ်ပြီး အလုပ်နဲ့ ထောင်ဒဏ် တစ်နှစ် ထပ်မံချမှတ်ခံလိုက်ရတာလို့ ရှေ့နေ ဦးမြင့်အောင်က ပြောပါတယ်။
"ဒီနေ့အမိန့်ချတာနဲ့ ပတ်သက်ပြီး စွပ်စွဲထားတဲ့အတိုင်း သူ ကျုးလွန်ထားတာမရှိဘူး။ အယူခံလည်း မတက်ဘူး။ ထောင်ချချင်လို့ ချနေတာဖြစ်လို့ ချချင်သလောက် ချပါစေတော့"
ဒေါက်တာ အောင်မိုးညိုဟာ ပြီးခဲ့တဲ့နှစ်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ - ၅၅ ပြစ်မှုအတွက် တစ်မှုကို သုံးနှစ်စီနဲ့ ခြောက်မှု ၁၈ နှစ်နဲ့၊ ရာဇသတ်ကြီး ပုဒ်မ - ၅၀၅(ခ) အတွက် အလုပ်နဲ့ ထောင်ဒဏ်နှစ် နှစ်နှစ် စုစုပေါင်း အလုပ်နဲ့ ထောင် နှစ် ၂၀ ချမှတ် ခံထားရတာပါ။ နောက်ထပ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ - ၂၅ ကိုလည်း ထပ်မံ ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။
အသက် ၆၀ ကျော်နေပြီဖြစ်တဲ့ မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုဟာ လာဘ်စားမှုကင်းရှင်းသူတစ်ဦးဖြစ်ပြီး မသက်ဆိုင်တဲ့ ပုဒ်မတွေနဲ့ တရားစွဲဆို ထောင်ချတဲ့ စစ်ကောင်စီ လုပ်ရပ်အပေါ် နိုင်ငံရေးအကဲခတ်တွေက ဝေဖန်ကြပါတယ်။