အစိုးရကို ထိခိုက်စေမယ့် မေးခွန်းတွေကို စဉ်းစားပြီးမှ မေးခွင့်ပြုသင့်

အစိုးရအဖွဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမယ့် မေးခွန်းတွေကို လွှတ်တော်ဥက္ကဌအနေနဲ့ စဉ်းစားပြီးမှ လွှတ်တော်မှာ မေးမြန်းခွင့် ပြုစေချင်တယ်လို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက လွှတ်တော်မှာပြောကြားခဲ့ပါတယ်။

၀န်ကြီးချုပ် ဒေါက်တာအေးဇံကို စက်တင်ဘာလ ၁၂ ရက်နေ့ မွန်ပြည်နယ်လွှတ်တော်မှာ တွေ့ရစဉ် Photo: Kyaw Lwin Oo/ RFA

အစိုးရအဖွဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမယ့် မေးခွန်းတွေကို လွှတ်တော်ဥက္ကဌအနေနဲ့ စဉ်းစားပြီးမှ လွှတ်တော်မှာ မေးမြန်းခွင့် ပြုစေချင်တယ်လို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက လွှတ်တော်မှာပြောကြားခဲ့ပါတယ်။

ဒီနေ့လွှတ်တော်အစည်းအဝေးမှာ မုဒုံမြို့နယ် အမှတ် ၁ မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော်က ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ကျေးရွာသားတွေအကြား ဖြစ်ပွားနေတဲ့ ပြဿနာတွေကို စုံစမ်းစစ်ဆေးတဲ့အခါ အုပ်ချုပ်ရေးမှူးတွေဘက်ကို အကာအကွယ်ပေးနေပြီး ကျေးရွာသားတွေကို  ခြိမ်းခြောက် စစ်ဆေးနေတာတွေ ရှိနေတဲ့အတွက် ဖော်ထုတ်ပေးဖို့ မေးခွန်းမေးမြန်းခဲ့ပါတယ်။

အဲဒီမေးခွန်းကို မွန်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦး က ဖြေကြားရာမှာ ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော် တင်ပြသလို အုပ်ချုပ်ရေးမှူးတွေဘက်က လွန်တာ မရှိကြောင်း စစ်ဆေးတေ့ွရှိ တယ်လို့ ဖြေကြားခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီး မေးမြန်းတဲ့ ဒေါ်မြသိင်္ဂီမော်က  သူ့မှာ သက်သေတွေရှိကြောင်း ပြန်လည်တင်ပြရာမှာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက မြို့နယ်တစ်ခုမှာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရဲမှူးနဲ့ ပညာရေးမှူးတွေ ဟာ စဉ်းစားဆင်ခြင်ဉာဏ်အရှိဆုံး ပုဂ္ဂိုလ်တွေဖြစ်ပြီး သူတို့တွေကိုမယုံကြည်ရင် အစိုးရအဖွဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ကိုယ်စားလှယ်တွေဟာ ပြည်သူတွေအကျိုးအတွက် မေးခွန်းမေးတာဖြစ်ပြီး အစိုးရကို ထိခိုက်အောင် မေးတာ မဟုတ်ဘူးလို့လည်း ပြည်နယ်လွှတ်တော်ဥက္ကဌ ဒေါ်တင်အိ က ပြောပါတယ်။

ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံရဲ့ ပြောကြားချက်အပေါ် ကိုယ်စားလှယ်တွေဟာ လွှတ်တော်မှာ မေးခွန်းမေးမြန်းခွင့်ရဖို့အတွက် ၁၀ရက် ကြိုတင်ပေးပို့ထားရတာဖြစ်သလို ဥပဒေအရ လွတ်လပ်စွာမေးမြန်းခွင့် ရှိတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ဝေဖန်ပြောဆိုကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org