ပါမောက္ခ ဒေါက်တာမော်မော်ဦး ထောင်သုံးနှစ် ချမှတ်ခံရ
ရန်ကုန်ဆေးရုံကြီး အရေးပေါ်ကုသရေးဌာနမှူး ပါမောက္ခ ဒေါက်တာမော်မော်ဦးဟာ ဧပြီလ ၂၈ ရက် မနေ့က အင်းစိန်ထောင်တွင်း တရားရုံးကနေ ရာဇသတ်ကြီးဥပဒေပုဒ်မ-၅၀၅ (က) နဲ့ ထောင်သုံးနှစ် ချမှတ်ခံလိုက်ရပါတယ်။
- 2022-04-29
-
-
-
ရန်ကုန်ဆေးရုံကြီး အရေးပေါ်ကုသရေးဌာနမှူး ပါမောက္ခ ဒေါက်တာမော်မော်ဦးဟာ ဧပြီလ ၂၈ ရက် မနေ့က အင်းစိန်ထောင်တွင်း တရားရုံးကနေ ရာဇသတ်ကြီးဥပဒေပုဒ်မ-၅၀၅ (က) နဲ့ ထောင်သုံးနှစ် ချမှတ်ခံလိုက်ရတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒါဟာ ရာဇသတ်ကြီးဥပဒေပုဒ်မ-၅၀၅ (က) အတွက် အမြင့်ဆုံးပြစ်ဒဏ် ချမှတ်ခံရတာလို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“ဒေါက်တာမော်မော်ဦးကို ထောင်သုံးနှစ် ချလိုက်တာ ဟုတ်ပါတယ်။ မနေ့က အမိန့်ချတာ။ ၅၀၅ (က)ရဲ့ အမြင့်ဆုံးပြစ်ဒဏ်ကို ချလိုက်တာ”
မြန်မာအရေးပေါ် ဆေးပညာအသင်း ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒေါက်တာမော်မော်ဦးဟာ ပြီးခဲ့တဲ့နှစ် ဧပြီလ ၁၂ ရက်နေ့က ရန်ကုန်ဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်နေစဉ် ဖမ်းဆီးခံရတာဖြစ်ပြီး အင်းစိန် အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းခံထားရတာပါ။
သူဟာ မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်းကာလမှာ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုတွေ ပြုလုပ်နိုင်ခဲ့သူဖြစ်သလို ပြည်တွင်း၊ ပြည်ပ မီဒီယာတွေကတစ်ဆင့် ပြည်သူတွေကို ကိုဗစ်-၁၉ ရောဂါအကြောင်း အသိပညာတွေ ဖြန့်ဝေပေးခဲ့သူ ဖြစ်တယ်လို့ သူနဲ့ နီးစပ်သူတွေက ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ကျန်းမာရေးဝန်ထမ်းတွေကို ပစ်မှတ်ထား နှိမ်နင်း နေတာတွေကို ရှုတ်ချကြောင်းနဲ့ ပါမောက္ခ ဒေါက်တော်မော်မော်ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ နိုင်ငံတကာ အရေးပေါ် ဆေးပညာရှင်များအဖွဲ့ချုပ်က ပြီးခဲ့တဲ့နှစ် မေလက တောင်းဆိုခဲ့ပါတယ်။
အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်ခဲ့တဲ့ တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်း ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းဟာလည်း ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၆ နဲ့ အလုပ်နဲ့ ထောင်ဒဏ် သုံးနှစ် ချမှတ်ခံခဲ့ရပါတယ်။