ဒုက္ခသည်တွေပြန်မလာတဲ့ကိစ္စ ဒေါက်တာဝင်းမြတ်အေးရှင်းလင်း

ဘင်္ဂလားဒေ့ရ်ှဘက် ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ ပြန်လက်ခံရေးအစီအစဉ်အရ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ မြန်မာဘက်က စောင့်ဆိုင်းခဲ့ကြပေမယ့် ပြန်မလာကြတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက သတင်းထောက်တွေကို ရှင်းလင်းခဲ့ပါတယ်။

ဒုက္ခသည်တွေ ပြန်မလာတာနဲ့ ပတ်သက်ပြီး ဒေါက်တာဝင်းမြတ်အေး ၂၀၁၈ နိုဝင်ဘာလ ၁၅ ရက်နေ့က ရှင်းလင်းစဉ် Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက် ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ ပြန်လက်ခံရေး နှစ်နိုင်ငံ ပူးတွဲအစီအစဉ်အရ ဒီနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ မြန်မာဘက်က စောင့်ဆိုင်းခဲ့ကြပေမယ့်  ပြန်မလာကြတဲ့ကိစ္စနဲ့ပတ်သက်ပြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက စစ်တွေမြို့မှာ သတင်းထောက်တွေကို ရှင်းလင်းခဲ့ပါတယ်။ RFA သတင်းထောက် ကိုမင်းသိန်းအောင် တင်ပြထားပါတယ်။
~~~~~~~~~~~~~~~~~~~

ဒုက္ခသည်တွေပြန်မလာတဲ့ကိစ္စ သတင်းစာရှင်းလင်း
(မင်းသိန်းအောင်)

ဒီနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ တဘက်င်္ဂလားဒေ့ရ်ှနိုင်ငံက မွတ်စလင်ဒုက္ခသည်တွေ ပြန်လာမယ်ဆိုပြီး မြန်မာအစိုးရတာဝန်ရှိသူတွေဟာ မနက်ပိုင်းကတည်းက မောင်တောမြို့နယ် တောင်ပြိုလက်ဝဲနဲ့ ငခူရစခန်းတွေမှာ အဆင်သင့် စောင့်ဆိုင်းနေခဲ့ကြတာပါ။

နှစ်နိုင်ငံသဘောတူညီချက်အတိုင်း ဒုက္ခသည်တွေ ပြန်လာကြလိမ့်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် ဘယ်သူမှပြန်မလာကြဘူးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက သတင်းထောက်တွေကို ပြောပါတယ်။

ဒုက္ခသည်တွေ ပြန်မလာတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက သတင်းထောက်တွေကို အခုလိုရှင်းပြခဲ့ပါတယ်။

"ဒုက္ခသည်စခန်းတွေမှာ ပြန်လာချင်တယ်လို့ ပြောတဲ့သူတွေဆိုရင် တားမြစ်တယ်၊ ပုံစံဖြည့်ဖို့အတွက် ပုံစံတွေ သူတို့လက်ထဲမှာ မရှိဘူး၊ ပုံစံဖြည့်ခွင့်မရဘူး၊ ဘယ်လိုမှ မရနိုင်ဘူး၊ ပြန်ချင်တယ်လို့ ပြောရင် အပြစ်ရှာတယ်၊ နှိပ်စက်ညှဉ်းပန်းတယ်၊ သတ်ပစ်တဲ့အထိ အဲဘက်တွေမှာလုပ်နေတယ်၊ အဲလိုဟာမျိုးတွေကြောင့်မို့ သူတို့မှာ ပြန်လာချင်သော်လည်း ထိတ်လန့်ကြောက်ရွံ့မှုတွေနဲ့ ဟိုဘက်မှာခံစားနေရတယ်၊ ဒီဘက်ကို မယုံလို့ မလာချင်တာမဟုတ်ဘူး၊ ဒီဘက်ကိုယုံပြီး လာချင်တဲ့သူတွေ အများကြီးရှိတယ်"

နှစ်နိုင်ငံသဘောတူညီချက်အတိုင်း ပြန်ပို့မယ့် ဒုက္ခသည်တွေကို ကုလသမဂ္ဂမဟာမင်းကြီးရုံး UNHCR က ကိုယ့်ဆန္ဒအလျောက်ပြန်လာမယ့်သူ ရှိ၊ မရှိ စီစစ်ပေးရမယ့် တာဝန်ရှိတယ်လို့လည်းပြောပါတယ်။

ပြန်လာကြမယ့်ဒုက္ခသည်တွေကို သဘောတူသတ်မှတ်ချက်တွေအတိုင်း စနစ်တကျလွှဲပြောင်းပေးလိမ့်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် လက်တွေ့မှာတော့ အဲလိုမျိုးဖြစ်မနေတာတွေ့ရတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

ဒုက္ခသည်တွေ ပြန်ဝင်လာရေးအတွက် ကုလသမဂ္ဂမဟာမင်းကြီးရုံး UNHCR က အမှန်တကယ်ပြန်လာလိုတဲ့ ဒုက္ခသည်တွေအတွက် ပံ့ပိုးကူညီသင့်သလို ဘင်္ဂလားဒေ့ရ်ှအစိုးရကလည်း သဘောတူညီချက်တွေအတိုင်း တိတိကျကျဆောင်ရွက်ဖို့သင့်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီနေ့ ဒုက္ခသည်တွေ ပြန်မလာနိုင်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုမှ အပြစ်မတင်ချင်သလို သဘောတူညီချက်ပါအတိုင်း တိတိကျကျဆောင်ရွက်ဖို့ ဘင်္ဂလားဒေ့ရ်ှအစိုးရကို တိုက်တွန်းလိုကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

"ကျနော်ကတော့ အပြစ်တင်တဲ့အလုပ်တွေ မလုပ်ချင်ဘူး၊ တခါမှလည်းမလုပ်ဘူး၊ ပူးပေါင်းဆောင်ရွက်ဖို့ပဲ တိုက်တွန်းတယ်၊ ဘာလုပ်ရမယ်ဆိုတာ Physical Arrangement အသေးစိတ်ရှိပြီးသားပါ၊ ဒါတွေကို အထမြောက်အောင် ဘင်္ဂလားဒေ့ရှ်ကို ပူးပေါင်းပါဝင်ပါလို့ပဲ တိုက်တွန်းချင်ပါတယ်"

နေရပ်ပြန်လာကြမယ့် ဒုက္ခသည်တွေရဲ့ စိုးရိမ်မှုတွေကို မြန်မာအစိုးရအနေနဲ့ နားလည်ပြီး ဥပဒေအညီနေထိုင်မယ်ဆိုရင် ဘယ်သူမဆို လုံခြုံမှုရှိမှာဖြစ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကပြောပါတယ်။

"ကျနော်တို့နိုင်ငံကလည်း အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံဖြစ်တယ်၊ ကျနော်တို့နိုင်ငံမှာ ကျနော်တို့ရဲ့ ဥပဒေတွေရှိတယ်၊ လုပ်ထုံးလုပ်နည်းတွေရှိတယ်၊ အဲတော့ ဒီနိုင်ငံထဲလာရင် အချုပ်အခြာအာဏာပိုင်တဲ့နိုင်ငံ ဖြစ်တဲ့အတွက်ကြောင့် ဒီနိုင်ငံမှာရှိတဲ့ ဥပဒေ၊ နည်းဥပဒေလုပ်ထုံးလုပ်နည်းတွေကို လိုက်နာရမှာပေါ့၊ လိုက်နာနိုင်ဖို့အတွက်ကိုရှိရမယ်၊ အဲလိုမျိုးကျနော်တို့မှာရှိတယ်၊ ဥပဒေဘောင်အတွင်းမှာ နေထိုင်ခြင်းဟာ ဘေးကင်းရန်ကွာ လွန်ချမ်းသာဆိုတဲ့ စကားရှိတယ်၊ ဥပဒေအတိုင်းသာ သူတို့နေရင် Save မဖြစ်စရာ ဘာမှမရှိဘူး၊ ဥပဒေကို ကျော်လွန်သွားရင်တော့ Save ဖြစ်ချင်မှဖြစ်မယ်၊ အဲတော့ ဥပဒေအတိုင်း နေထိုင်ဖို့ ကျနော်တို့က တိုက်တွန်းလိုတယ်"

ဒုက္ခသည်တွေ တောင်းဆိုနေတဲ့ နိုင်ငံသားဖြစ်ရေးကိစ္စ၊ လွတ်လပ်စွာသွားလာခွင့်၊ တရားမျှတမှုရရှိရေး ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး RFA က မေးမြန်းရာမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဒီကိစ္စတွေကို အစိုးရဘက်က အကောင်အထည်ဖော်နေတဲ့ အစီအစဉ်တွေထဲမှာ ပါဝင်ပြီးသားဖြစ်တယ်လို့ ပြောပါတယ်။

ဒုက္ခသည်တွေ ဒီနေ့ပြန်မလာကြပေမယ့် နောက်နေ့တွေမှာ ပြန်လာနိုင်မလားဆိုတဲ့ မေးခွန်းကိုတော့ ပြန်လာချင်တဲ့ဒုက္ခသည်တွေကို ပြန်လာလို့ရအောင် ပူးပေါင်းဆောင်ရွက်မှုအပေါ်မှာမူတည်ပြီး မြန်မာဘက်ကတော့ ဒုက္ခသည်တွေကိုလက်ခံကို အဆင်သင့်ဆက်လက်ရှိနေဦးမှာဖြစ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org