ဒေါက်တာဇော်မြင့်မောင် အထူးကြပ်မတ်ဆောင်မှာ သတိလစ်မေ့မြောနေ

ဖမ်းဆီးထောင်ချခံထားရတဲ့ NLD ရဲ့ ဒုတိယဥက္ကဋ္ဌလည်းဖြစ်၊ မန္တလေးတိုင်း ဝန်ကြီးချုပ်လည်းဖြစ်တဲ့ ဒေါက်တာ ဇော်မြင့်မောင်ဟာ မန္တလေးဆေးရုံကြီး ICU မှာ သတိမေ့နေပြီး၊ ကျန်းမာရေးစိုးရိမ်ရတယ်လို့ RFA ရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

ဒေါက်တာ ဇော်မြင့်မောင်အား တွေ့ရစဉ်။ (ယခင်ပုံဟောင်း)

ဖမ်းဆီးထောင်ချခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရဲ့ ဒုတိယဥက္ကဋ္ဌလည်းဖြစ်၊ မန္တလေးတိုင်း ဝန်ကြီးချုပ်လည်းဖြစ်တဲ့ ဒေါက်တာ ဇော်မြင့်မောင်ဟာ မန္တလေးဆေးရုံကြီး အထူးကြပ်မတ်ဆောင် (ICU) မှာ သတိမေ့နေပြီး၊ ကျန်းမာရေးစိုးရိမ်ရတယ်လို့ RFA ရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

အိုးဘိုထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဒေါက်တာ ဇော်မြင့်မောင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကစလို့ မန္တလေးဆေးရုံကို ပြောင်းရွှေ့ဆေးကုသခံယူနေတာဖြစ်ပါတယ်။

အောက်တိုဘာလ ၅ ရက် မနေ့ နေ့လယ်ပိုင်းကစလို့ အထူးကြပ်မတ်ဆောင် (ICU) ကို ပြောင်းရွှေ့ထားရတာဖြစ်ပြီး၊ သတိလစ်မေ့မြောနေတယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်က အောက်တိုဘာလ ၆ ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီ ၁၅ မိနစ်မှာ RFA ကို အတည်ပြုပြောပါတယ်။

ဒေါက်တာ ဇော်မြင့်မောင်ကို ကျန်းမာရေးမကောင်းတဲ့အတွက် လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်ဆိုတဲ့စာကို ဒီနေ့နေ့လယ်က ဆေးရုံမှာ လာဖတ်ပြသွားတယ်လို့ ကြားသိရကြောင်းလည်း သူကပြောပါတယ်။

နောက်ထပ် မန္တလေးမြို့က RFA ရဲ့ သတင်းရင်းမြစ်တစ်ဦးကလည်း ဒေါက်တာ ဇော်မြင့်မောင်ရဲ့ ကျန်းမာရေးအခြေအနေ စိုးရိမ်ရကြောင်း RFA ကိုပြောပါတယ်။

"ကျန်းမာရေးကတော့ တော်တော် စိုးရိမ်ရတဲ့အခြေအနေမှာ ရှိတယ်။ အခုက မိသားစုဘက်ကတော့ စောင့်ကြည့်နေကြတာပေါ့။ သတိလည်း ပြန်မရသေးဘူး"

ဒေါက်တာ ဇော်မြင့်မောင်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပြီဆိုတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကို မေးမြန်းဖို့ RFA က ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ဒေါက်တာ ဇော်မြင့်မောင်ဟာ ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းလိုက်တဲ့ မနက်အစောပိုင်းမှာ ဖမ်းဆီးခံရပြီးနောက် ပုဒ်မမျိုးစုံတပ် ထောင်ဒဏ် (၂၉) နှစ်အထိ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရတာ ဖြစ်ပါတယ်။

အသက် ၇၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါက်တာ ဇော်မြင့်မောင်ဟာ ကင်ဆာရောဂါ ဝေဒနာခံစားနေရတာဖြစ်ပြီး၊ ပြီးခဲ့တဲ့ ဇွန်လကစလို့ ရောဂါဝေဒနာ သိသိသာသာ ဆိုးရွားလာတာကြောင့် ခါးရိုးချဉ်ဆီ ထုတ်ယူစစ်ဆေးခံနေရတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org