နိုင်ငံရေးမူဘောင်ကြမ်း အပြီးသတ်

နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ရေးဆွဲရေး လုပ်ငန်းကော်မတီ ရဲ့ ဒီနေ့ ၇ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲမှာ မူဘောင် အကြမ်းကို အပြီးသတ် ရေးဆွဲသဘောတူခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ရေးဆွဲရေး လုပ်ငန်းကော်မတီရဲ့ ဒီနေ့ ၇ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲမှာ မူဘောင်အကြမ်းကို အပြီးသတ် ရေးဆွဲသဘောတူခဲ့တယ်လို့ သိရပါတယ်။

လုပ်ငန်းကော်မတီအဖွဲ့ဝင် ၁၅ ဦး သဘောတူရေးဆွဲခဲ့တဲ့ အခြေခံမူဘောင်တွေကို နိုင်ငံရေးပါတီ ၅၆ ပါတီနဲ့ လာမယ့်နိုဝင်ဘာလ ၂၅ ရက်နေ့နဲ့ ၂၆ ရက်နေ့တွေမှာ တွေ့ဆုံပြီး သဘောတူညီချက်ရယူသွားမယ်လို့ ကော်မတီ မှာပါဝင်တဲ့ ချင်းအမျိုးသားပါတီ ဥက္ကဌ ဦးဇိုဇမ်က ပြောပါတယ်။

"ဆုံးဖြတ်ချက်က ကျနော်တို့က ပြီးသွားပြီလေ၊ ကျနော်တို့ နိုင်ငံရေးမူဘောင်က အကြမ်းဖျင်းပြီးသွားပြီဆိုတော့ လာမယ့် ၂၅၊ ၂၆ ရက်ကျရင် ကျနော်တို့ အဲဒီ့ဟာကို ပန်ဒါဟိုတယ်မှာ ၅၆ ပါတီစလုံးကို ထပ်ဖိတ်ပြီးမှ သူတို့ကို ကျနော်တို့ချပြပြီးမှ ရှင်းလင်းဖို့ပဲရှိတော့တယ်၊ အချောထွက်လာမှပဲ ကျန်တဲ့ပါတီတွေနဲ့ ဆက်လက်ပြီးတော့ အလုပ်လုပ်ဖို့ ရည်ရွယ်ထားပါတယ်"

ဆွေးနွေးပွဲမူဘောင်အကြမ်းမှာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးအကြောင်းအရာ ၃ ခုပါဝင်ပြီး အခြေခံအချက် ၁၉ ချက်ထည့်သွင်းရေးဆွဲထားတယ်လို့ သိရပါတယ်။

နိုင်ငံရေးပါတီ ၅၆ ခုနဲ့ တွေ့ဆုံပြီး ပြင်ဆင်ဖြည့်စွက်လိုတဲ့အချက်တွေကို ထပ်မံညှိနှိုင်းသွားမှာဖြစ်ပြီး ဒီလကုန်မှာ ဆွေးနွေးပွဲမူဘောင် ထွက်ပေါ်လာမှာဖြစ်တယ်လို့ ဦးဇိုဇမ်က ပြောပါတယ်။

အဲဒီလိုရရှိလာမယ့် နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ကို လာမယ့် ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းမှာ ကျန်တဲ့နိုင်ငံရေးပါတီတွေနဲ့ ဆွေးနွေးညှိနှိုင်းသွားမယ်လို့ သိရပါတယ်။

နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ရေးဆွဲရေး လုပ်ငန်းကော်မတီကို ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF၊ ဖယ်ဒရယ်ဒီမိုကရေစီ မဟာမိတ် FDA၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီနဲ့ မြန်မာနိုင်ငံ တောင်သူ လယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီစတဲ့ ပါတီတွေက ကိုယ်စားလှယ် ၁၅ ဦးနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလက ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org