ကျင်စန်းကျော့ဂိတ်ကနေ တရုတ်နိုင်ငံထဲကို ယာဉ်မောင်းအစားထိုးစနစ်နဲ့ ဝင်ခွင့်ပြု

မြန်မာ-တရုတ်နယ်စပ် မူဆယ် ကျင်စန်းကျော့ဂိတ်ကနေ မြန်မာကုန်ကားတွေကို ယာဉ်မောင်းအစားထိုးစနစ်နဲ့ ဝင်နိုင်ဖို့ နှစ်နိုင်ငံနယ်စပ် တာဝန်ရှိသူတွေကြား မေလ ၁၆ ရက် မနေ့က သဘောတူညီမှုရခဲ့ပြီး မေလ ၁၇ ရက် ဒီကနေ့မှာတော့ ကုန်ကားတစ်စီး စမ်းသပ်ဝင်ရောက်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ မူဆယ်နယ်စပ်ကုန်သည်တွေက ပြောပါတယ်။

မြန်မာ - တရုတ်နယ်စပ် ကျင်စန်းကျော့ဂိတ်ကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ် Photo: Zaw Min

မြန်မာ-တရုတ်နယ်စပ် မူဆယ် ကျင်စန်းကျော့ဂိတ်ကနေ မြန်မာကုန်ကားတွေကို ယာဉ်မောင်းအစားထိုးစနစ်နဲ့ ဝင်နိုင်ဖို့ နှစ်နိုင်ငံနယ်စပ် တာဝန်ရှိသူတွေကြား မေလ ၁၆ ရက် မနေ့က သဘောတူညီမှုရခဲ့ပြီး မေလ ၁၇ ရက် ဒီကနေ့မှာတော့ ကုန်ကားတစ်စီး စမ်းသပ်ဝင်ရောက်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ မူဆယ်နယ်စပ်ကုန်သည်တွေက ပြောပါတယ်။

မြန်မာကုန်ကားတွေ တိုက်ရိုက်ဝင်ခွင့်ရတဲ့အတွက် ကုန်ကျစရိတ်ပိုင်းမှာ သိသိသာသာ လျော့နည်းလာနိုင်တယ်လို့ မူဆယ်နယ်စပ် ဆန်စပါးကုန်စည်ဒိုင်အသင်း ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက RFA ကို ပြောပါတယ်။

"အရင်က တရုတ်ထဲကနေ ကုန်ပစ္စည်းသယ်လာတဲ့ တရုတ်ကားတွေနဲ့ပဲ မြန်မာ ပို့ကုန်တွေ ပြန်တင်ပေးရတော့ ရက်ကြာတာရော၊ ရှန်တိန်ခတွေရော ကုန်သည်တွေ ပေးရတာရှိတယ်။ အခုကျတော့ မြန်မာကုန်ကားတွေကို တရုတ်ဘက်က ယာဉ်မောင်း တွေနဲ့ အစားထိုးပြီး တိုက်ရိုက်မောင်းသွားမှာဆိုတော့ ကုန်ကျစရိတ်နဲ့ အချိန်တွေ သက်သာသွားမယ့်သဘောပေါ့"

မြန်မာကုန်သည်တွေအနေနဲ့ အရင်က တရုတ်ဘက်ကို ကုန်ပစ္စည်းတင်ပို့နိုင်ဖို့အတွက် တရုတ်တွဲကားတစ်စီး ငှားရမ်းခ တရုတ်ယွမ် ရှစ်ထောင်ကျော် မြန်မာငွေနဲ့ဆိုရင် ၂၅ သိန်းကျပ်အထိ ပေးခဲ့ကြရတာပါ။

တရုတ်ဘက်က ဒီလိုခွင့်ပြုတယ်ဆိုပေမယ့် သယ်ဆောင်ခွင့်ရမယ့်နေရာနဲ့ အပြန် ကုန်သယ်ခွင့်ရှိ၊ မရှိကိုတော့ အကြောင်းပြန်မလာသေးဘူးလို့ မူဆယ် နယ်စပ်ကုန်သည် အချို့က ပြောပါတယ်။

"ကုန်ကားတွေကို တရုတ်အပေါက်၀ ဂိတ်အထိပဲ ခွင့်ပြုမှာလား၊ ဥပမာ-တချို့ ကုန်သည်တွေဆို ရွှေလီအထိ သွားရမှာရှိမယ်။ ဒါမျိုးကို ခွင့်ပြုသလားပေါ့။ ဝင်လို့ ရတာတော့ ဟုတ်ပြီ၊ ထွက်တဲ့အချိန်ရော ကုန်မပါဘဲ ထွက်ရမှာလား၊ ကုန်တင်လို့ရလား ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဘာမှမသိရသေးဘူး။ အပေါက်ဝနားတင် ဝင်လို့ရတယ်ဆိုတာ နဲ့တော့ ကုန်ကျစရိတ်နဲ့ဆို ဘာမှ မထူးဘူး"

ကုန်ကားမောင်းတဲ့သူတွေဘက်မှာလည်း သူတို့ရဲ့ကားကို တရုတ်နိုင်ငံအတွင်း တခြား ယာဉ်မောင်းနဲ့ ထည့်ပေးလိုက်ဖို့ဆိုတာ စဉ်းစားစရာ အခြေအနေရှိတယ်လို့ နယ်စပ် ကုန်စည် သယ်ဆောင်ရေးလုပ်ငန်း လုပ်နေသူ ကိုဇော်မင်းက ပြောပါတယ်။

"အဓိကက အထဲမှာ ဘယ်လောက်ကြာမလဲပေါ့နော်။ ကျနော်တို့ ဂိတ်ကနေ ပြီးခဲ့တဲ့ လေးလလောက်က ကုန်ကားတွေ အခုထိ အပြင်မရောက်သေးတာရှိတယ်။ ကိုယ့်ကားကို တိုက်ရိုက် အရင်ကိုဗစ်မတိုင်ခင်ကအတိုင်း မောင်းခွင့်ရရင်တော့ ကုန်သွယ်ရေးမှာ ပိုမိုလွယ်ကူနိုင်မယ်လို့တော့ ယူဆတယ်"

တရုတ်နိုင်ငံဘက်က ကိုဗစ်ကပ်ရောဂါကြောင့်ဆိုပြီး တရုတ်နယ်စပ်ဂိတ်တွေ အားလုံး နီးပါးကို ၂၀၂၀ ပြည့်နှစ် ဧပြီလနောက်ပိုင်းမှာ အကန့်အသတ်နဲ့ ပိတ်ခဲ့တာပါ။

ကိုဗစ်ရောဂါ တတိယလှိုင်းဖြစ်တဲ့ ၂၀၂၁ ခုနှစ် ဇူလိုင်လမှာတော့ ကျင်စန်းကျော့ဂိတ်ကိုပါ တရုတ်ဘက်က ပိတ်ထားခဲ့ပြီး ဒီဇင်ဘာလမှာတော့ တရုတ်ကုန်ကားသီးသန့် ဝင်ထွက်ခွင့် စနစ်နဲ့ ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ မြန်မာနယ်စပ်ကုန်သွယ်ရေး တိုးမြင့်အောင် ငွေကြေးကောက်ခံမှုနဲ့ စည်းမျဉ်းအချို့ကို လျှော့ချဆောင်ရွက်ခဲ့ပြီးနောက် ရွှေလီ-ဝမ်တိန်နယ်စပ်ဂိတ်ကနေ ကုန်ပစ္စည်းတွေ ပြန်လည်ဖြတ်သန်းခွင့် ရခဲ့တာကြောင့် အခုနှစ် ဇန်နဝါရီလကနေ ဧပြီလအထိ ကုန်သွယ်မှုဟာ ၂၀၁၉ ခုနှစ် ကပ်ရောဂါဘေး မတိုင်ခင်ထက် ၃.၅ ဆ တိုးတက်လာတယ်လို့ တရုတ်သံရုံးက ဒီရက်ပိုင်းမှာပဲ ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org