မယ်ဆိုင်မှာ မူးယစ်ဆေးပြား ၁ သန်းကျော် ဖမ်းမိ
မြန်မာဖက်က တာချီလိတ်မြို့နဲ့ မျက်နှာချင်းဆိုင် ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့မှာ ထိုင်း ရဲတပ်ဖွဲ့နဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၂ ဦး အပြန်အလှန် ပစ်ခတ်ရာမှာ ၁ ဦးဟာ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ပြီး စိတ်ကြွ ဆေးပြား ၁ သန်းကျော်နဲ့ လက်နက်ပစ္စည်းတွေကို ဖမ်းမိခဲ့တယ်လို့ ထိုင်းနိုင်ငံထုတ် Nation သတင်းစာက ရေးပါတယ်။
-
2011-07-20 -
-
-
အမည်အဖွဲ့အစည်းအတိကျမသိရတဲ့ လက်နက်ကိုင် မူးယစ်မှောင်ခိုတဦးနဲ့ ပစ္စည်းသယ်သူ တဦး လိုက်ပါလာတဲ့ မော်တော်ကားကို ထိုင်းရဲက တနင်္ဂနွေနေ့ညပိုင်းက နောက်ယောင်ခံလိုက်ခဲ့ရာမှာ ထိုင်းရဲတွေကို မောင်းပြန်သေနတ်တွေနဲ့ ပစ်ခတ်ထွက်ပြေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် အဲဒီကားဟာ လမ်းချော်သွားပြီး ထိုင်းရဲက ပစ်ခတ်တဲ့အတွက် မူးယစ်ဆေးသယ်သူဟာ သေဆုံးသွားပြီး တဦးက လွတ်မြောက်သွားတယ်လို့ သိရပါတယ်။ အဲဒီမော်တော်ကားကို ထိုင်းရဲက သိမ်းဆည်းခဲ့ရာမှာ ကာလပေါက်ဈေး ဘတ်သန်း ၅၀၀ နဲ့ ညီမျှတဲ့ ယာဘ မူးယစ်ဆေးပြား ၁ သန်းကျော်နဲ့ Ice ဆေးတောင့် ၇၃ တောင့်၊ AK-47 မောင်းပြန် ရိုင်ဖယ် တလက်နဲ့ ကျည်ဆံတွေ ရမိခဲ့တယ်လို့ သိရပါတယ်။