ကျပ် ၆၅၀၀၀ သိန်း တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ

ထိုင်းမြန်မာနယ်စပ်အနီးက မိုင်းဆတ်ခရိုင် မယ်ကြုတ်ကျေးရွာအနီးမှာ မြန်မာကျပ်ငွေ သိန်း ခြောက်သောင်းခွဲကျော် တန်ဖိုးရှိတဲ့ ဘိန်းဖြူဘလောက်တုံး၊ စိတ်ကြွဆေးပြားတွေနဲ့အတူ မူးယစ်ဆေးဝါး ထုတ်လုပ်ရာမှာအသုံးပြုတဲ့ ဓါတုဗေဒဆေးတွေ အများအပြား ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ထိုင်းမြန်မာနယ်စပ်အနီးမှာ မြန်မာကျပ်ငွေ သိန်း ခြောက်သောင်းခွဲကျော် တန်ဖိုးရှိတဲ့ ဘိန်းဖြူအပါအဝင် ဆက်စပ်ပစ္စည်းတွေ သြဂုတ်လ ၁၁ ရက်နေ့က ဖမ်းဆီးရမိစဉ် Photo: Aung Moe Myint / RFA

ထိုင်းမြန်မာနယ်စပ်အနီးက မိုင်းဆတ်ခရိုင် မယ်ကြုတ်ကျေးရွာအနီးမှာ မြန်မာကျပ်ငွေ သိန်း ခြောက်သောင်းခွဲကျော် တန်ဖိုးရှိတဲ့ ဘိန်းဖြူဘလောက်တုံး၊ စိတ်ကြွဆေးပြားတွေနဲ့အတူ မူးယစ်ဆေးဝါး ထုတ်လုပ်ရာမှာအသုံးပြုတဲ့ ဓါတုဗေဒဆေးတွေ အများအပြား ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထူးရဲတပ်ဖွဲ့စု ၃၀ နဲ့ အမှတ် ၅၈၀ ခြေမြန်တပ်ရင်းတို့ ပူးပေါင်းပြီး သြဂုတ်လ ၁၀ ရက်နေ့ မနေ့က မိုင်းဆတ်ခရိုင် စတုံး ကျေးရွာအုပ်စု မယ်ကြုတ်ကျေးရွာအရှေ့တောင်ဘက် ၂ မိုင်ခန့်အကွာမှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ မူးယစ်တပ်ဖွဲ့က ရဲအုပ် အောင်ကျော်စိုး က ပြောပါတယ်။

“စစ်ကြောင်းအဖွဲ့တွေနဲ့ နယ်မြေရှင်းလင်းမှုတွေ ဆောင်ရွက်ခဲ့တယ်။ အဲ့ဒီလို ဆောင်ရွက်တဲ့နေရာမှာ သြဂုတ်လ ၁၀ ရက်နေ့မှာ လျှိုမြှောင်ထဲမှာ မြေကြီးထဲမှာ မြုပ်ထားတဲ့ ဒီ မူးယစ်ဆေးဝါးတွေကို ကျနော်တို့ နယ်မြေရှင်းလင်းရေးအဖွဲ့ကနေ တွေ့ရှိခဲ့တယ်။ အားလုံး တွက်မယ်ဆိုရင်တော့ သိန်းပေါင်း ခြောက်သောင်း ငါးထောင်ကျော်၊ အဓိကကတော့ စိတ်ကြွဆေးပြားက ၁၆ သိန်းနဲ့ ၂ သောင်း ၂ ထောင် ကျော်နဲ့ ဘိန်းဖြူ ဘလောက်တုံး ၂၀ တုံးပေါ့ ဖမ်းဆီးရမိခဲ့တယ်။”

ဖမ်းဆီးရမိတဲ့အထဲမှာ wy စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား  နှစ်သန်းနီးပါး၊ ဘိန်းဖြူ ဘလောက်တုံး ၇ ကီလို၊ ပန်းရောင်စိတ်ကြွဆေးပြားအမှုန့် ၅၀ ကီလို၊ ဘိန်းစိမ်း ၁၈ ကီလိုနဲ့ အခြား မူးယစ်ဆေးထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဓါတုဆေးတွေနဲ့အတူ ဆက်စပ်ပစ္စည်း အများအပြားကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့တာဖြစ်တယ်လို့ ဆက်ပြောပါတယ်။

အခု ဖမ်းဆီးရမိတာဟာ ဇူလိုင်လ ၂၈ ရက်နေ့က မိုင်းဆတ်ခရိုင် မိုင်းတွမ်ကျေးရွာအုပ်စု ပူနားကို ကျေးရွာကနေ တာချီလိတ်မြို့ကိုလာသူ လားဟူအမျိုးသားနှစ်ယောက် သယ်ဆောင်လာတဲ့ ကျပ်ငွေ သိန်း နှစ်သောင်းကျော်တန်ဖိုးရှိတဲ့ ဘိန်းဖြူဘလောက်တုံးတွေနဲ့ လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိခဲ့ပြီး နောက် စုံစမ်းဖော်ထုတ်ချက်အရ ဆက်လက်ဖမ်းဆီးရမိတာဖြစ်တယ်လို့ ရဲအုပ် အောင်ကျော်စိုး က ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့ကလည်း မိုင်းဆတ်မြို့နယ် နားယောင်း၊ မယ်ကြုတ်လမ်းနဲ့ မယ်ကြုတ်၊ လွယ်မဆုတ် တောင်ကြောတွေကို အမှတ် ၅၈၀ ခြေမြန်တပ်ရင်းနဲ့ မူးယစ်တပ်ဖွဲ့စု ၂၉  တို့ ပူးပေါင်း ပြီး သတင်းအရ နယ်မြေရှင်းလင်းရှာဖွေမှုတွေလုပ်ခဲ့ရာမှာ မြန်မာကျပ်ငွေ သိန်း ၁၀၀ လောက်တန်ဖိုးရှိ တဲ့ စိတ်ကြွမူးယစ်ဆေးပြားတွေနဲ့အတူ မူးယစ်ဆေးထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဓါတုပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့သေးတယ်လို့လည်း သိရပါတယ်။

ဒီမူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတာနဲ့ပတ်သက်ပြီး မိုင်းဆတ်ခရိုင် မိုင်းတွင်းနယ်မြေရဲစခန်းက မူးယစ်ဆေးဝါးပုဒ်မတွေအရ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org