မူးယစ်ဆေးဖမ်းတဲ့ သတင်း ရဲတပ်ဖွဲ့ ပြန်လည်တိုက်ခိုက်ခံရ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မိုင်းနောင်ကျေးရွာအနီးက သစ်တော ကြိုးဝိုင်းမှာ စက်တင်ဘာ ၁၉ ရက်နေ့က ရဲဘက်ပြေး တစ်ဦးကို သွားရောက်ဖမ်းဆီးချိန်မှာ မူးယစ်ဆေးရောင်းဝယ်သူတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး တိုက်ခိုက်ခံရတဲ့အတွက် သတင်းရဲတပ်ဖွဲ့က ဒုရဲမှူးတစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းဦး ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဇူလိုင်လ ၃၁ ရက်နေ့ကကျင်းပတဲ့ မူးယစ်ဆေးဝါး အသိပညာပေး ဟောပြောပွဲမှာ တွေ့ရစဉ် Photo: Kyaw Myo Min/ RFA

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မိုင်းနောင်ကျေးရွာအနီးက သစ်တောကြိုးဝိုင်းမှာ စက်တင်ဘာ ၁၉ ရက်နေ့က ရဲဘက်ပြေးတစ်ဦးကို သွားရောက်ဖမ်းဆီးချိန်မှာ မူးယစ်ဆေးရောင်းဝယ်သူတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး တိုက်ခိုက်ခံရတဲ့အတွက် သတင်းရဲတပ်ဖွဲ့က ဒုရဲမှူးတစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီအမှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ နဲ့ အစိုးရတပ်မတော်တို့ ဒီကနေ့ မိုင်းနောင်ကျေးရွာအနီးက သစ်တောကြိုးဝိုင်းကို သွားရောက်စစ်ဆေးချိန်မှာ တရားမဝင် သစ်တွေနဲ့အတူ လူတစ်ဦးကို ဖမ်းဆီးရမိထားတယ်လို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းဦးက ပြောပါတယ်။

"လွတ်မြောက်သွားတဲ့ ရဲဘက်ပြေးတရားခံက အောင်ကျော်ဝင်း၊ လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်က ရဲဘက်ပြေး မူးယစ်တရားခံ၊ တရားခံ ၂၁ ယောက် ထွက်ပြေးလွတ်မြောက်နေတယ်၊ လွတ်မြောက်သွားတဲ့အထဲက ၁ ယောက်ကို ဖမ်းဆီးရမိပြီး ကျနော်တို့ ဖော်ထုတ်နေတယ်၊ ဖော်ထုတ်တော့ ပါတဲ့လူတွေနာမည် သိရှိပြီးဖြစ်ပါတယ်"

လတ်တလောမှာ မူးယစ်ဆေးဝါးတွေ၊ လက်နက်တွေ၊ သစ်ခွဲစက်တွေနဲ့အတူ တရားမဝင် သစ်ခွဲသား တန် ၃၀ နီးပါးကို ဖမ်းဆီးရမိထားပြီး လုံးတုံးကျေးရွာရဲစခန်းမှာ မူးယစ်ဆေးဝါးမှု၊ လက်နက်မှု စတဲ့ ပုဒ်မ ၃ ခု နဲ့ အမှုဖွင့်ထားပါတယ်။ အဲဒီအမှုနဲ့ဆက်နွယ်ပြီး တစ်ဦးကိုသာ ဖမ်းမိပြီး အယောက် ၂၀ ထွက်ပြေးလွတ်မြောက် သွားပါတယ်။ ထွက်ပြေးနေသူတွေဟာ မိုင်းနောင်၊ နန့်မွန်း၊ ခုနှစ်မိုင် စတဲ့ ကျေးရွာတွေကဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ခန့်မှန်းထားပါတယ်။

အစိုးရတပ်မတော်နဲ့ ကေအိုင်အေ တပ်ဖွဲ့တွေအကြား စစ်ရေးပဋိပက္ခတွေဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်မှာ နယ်မြေ မတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး မူးယစ်ဆေးဝါးနဲ့ တရားမဝင်သစ် တွေအပါအဝင် မှောင်ခိုလုပ်ငန်းတွေကို လုပ်ကိုင်နေကြတယ်လို့ ဒေသခံတွေကပြောကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org