တရုတ်၊ ရုရှားတို့နဲ့ စစ်ကောင်စီဆက်ဆံရေး သတိထားဖို့လိုတယ်လို့ NUG ဝန်ကြီးပြော
NUG အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက လတ်တလောကာလအတွင်း ရုရှား၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေက အာဏာသိမ်းစစ်ကောင်စီနဲ့ ဆက်ဆံရေးတည်ဆောက်နေတာဟာ နွေဦးတော်လှန်ရေးအတွက် အန္တရာယ်ဖြစ်တယ်လို့ ပြောပါတယ်။
-
ဦးခင်မောင်စိုး(ဝါရှင်တန်ဒီစီ)
2022-04-08 -
-
-
NUG အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး က လတ်တလောကာလအတွင်း ရုရှား၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေက အာဏာသိမ်းစစ်ကောင်စီနဲ့ ဆက်ဆံရေးတည်ဆောက်နေတာဟာ နွေဦးတော်လှန်ရေးအတွက် အန္တရာယ်ဖြစ်တယ်လို့ ပြောပါတယ်။
“ဂလိုဘယ် ပေါ်လတစ်လို့ ပြောရမှာပေါ့ ကမ္ဘာကြီးရဲ့ နိုင်ငံရေး အပြောင်းအလဲတွေက ကျွန်တော်တို့ အပေါ်မှာ အများကြီးရိုက်ခတ်လာနိုင်တယ်လို့ ကျွန်တော်မြင်တယ်။ တရုတ်က ဝဏ္ဏမောင်လွင်ကို ခေါ်ပြီးတွေ့ပြီး ပြောလိုက်တာတို့ ၊ အိန္ဒိယက သံအမတ်ခန့်အပ်လွှာပေးတာတို့၊ ယူကရိန်းမှာ ရုရှားက နိုင်နိုင် ရှုံးရှုံး မြန်မာနိုင်ငံဆီက ရရှိနိုင်တဲ့ စီးပွားရေးတွေ နိုင်ငံရေးတွေကို ရုရှားက လိုချင်မှာပဲ။ အဲတော့ မြန်မာနိုင်ငံက ရုရှားရဲ့ proxy လိုဖြစ်သွားမှာပဲ။ အဲလိုမျိုးဖြစ်သွားမှာကို တရုတ်ကလည်း စိုးရိမ်မယ်လို့ ကျွန်တော်ထင်တယ်။ ဒါကြောင့်လည်း ဒီအချိန်မှာ တရုတ်က သွက်သွက်လက်လက်ကြီး ပြောင်းလဲသွားတာလို့ ကျွန်တော်မြင်တယ်။ တရုတ်က ပြောင်းလဲသွားတဲ့ အပေါ်မှာ အိန္ဒိယကလည်း Balance ဖြစ်အောင် မြန်မာပြည်မှာ လာလုပ်တာဖြစ်နိုင်တယ်။ အဲဒီဟာတွေကြားထဲမှာ ကျွန်တော်တို့ ပြည်သူတွေရဲ့ နွေဦးတော်လှန်ရေး၊ ကျွန်တော်တို့ရဲ့ Revolution၊ ကျွန်တော်တို့ရဲ့ NUCC တို့၊ NUG တို့ CRPH တို့၊ PDF ၊ တိုင်းရင်းသား တွေပေါ့နော် ကျွန်တော်တို့အားလုံးက ဒါတွေကို မျက်ခြည်မပြတ်ကြည့်ပြီး ကျွန်တော်တို့ရဲ့ တော်လှန်ရေးကို အောင်မြင်အောင်လှုပ်ရှားရလိမ့်မယ်လို့တော့ ကျွန်တော်မြင်တယ်။”
တပြိုင်နက်မှာပဲ သူတို့ NUG နဲ့ အမေရိကန်ပြည်ထောင်စုအကြား ဆက်ဆံရေး တိုးတက်နေတာကို တရုတ်နဲ့ ရုရှားအပါအဝင် နိုင်ငံအများအပြားက စောင့်ကြည့်တွက်ချက်နေမှာဖြစ်တယ်။
အမေရိကန်ပြည်ထောင်စုကတော့ မြန်မာပြည် ဒီမိုကရေစီပြန်လည် ရရှိရေးအတွက် ထူးထူးခြားခြား ထောက်ခံ ဆောင်ရွက်နေတာမြင်ရပါတယ်။
လတ်တလောရက်ပိုင်းမှာတင် မြန်မာနိုင်ငံမှာ၂ဝ၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ မြန်မာတပ်ဖွဲ့တွေက ကျူးလွန်ခဲ့တာတွေဟာ လူမျိုးတုံး သတ်ဖြတ်မှုဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စုက ကြေညာတဲ့ အခမ်းအနားမှာ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ လက်ရှိနွေဦးတော်လှန်ရေးကို ရက်ရက်စက်စက်ဖြိုခွဲမှုတွေအတွက်ပါ တာဝန်ရှိသူဖြစ်ကြောင်း ပြောကြားရင်း NUG နဲ့ အတိုင်ပင်ခံ ကောင်စီ NUCC တို့ရဲ့တည်ရှိမှုကိုလည်း အသိအမှတ် ပြုသွားခဲ့တယ်လို့ ဒေါက်တာဇော်ဝေစိုး က ပြောပါတယ်။
“CRPH တို့၊ NUG တို့ NUCC တို့ ပြောတဲ့ အပြင် ဒီနွေဦးတော်လှန်ရေးထဲက အဖြစ်အပျက်တွေကိုပါ ထုတ်နုတ်ပြီး ပြောသွားတာပေါ့ဗျာ။ မုံရွာမှာ သူနာပြုကျောင်းသူ သင်ဇာဟိန်းက လူနာ ၃ ယောက်ကို ပြုစုနေတုန်းမှာ သူ့ရဲ့ခေါင်းကို ပစ်ခံရလို့ ဆုံးသွားတဲ့ အကြောင်းကို စတိုရီ ပြောသွားတာဆိုတော့ အဲလိုမျိုးပြောတာတွေဟာ တကယ်တော့ ကျွန်တော်တို့ တော်လှန်ရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီအပြောင်းအလဲအတွက် အားရှိစေတယ်လို့တော့ ကျွန်တော်မြင်တယ်။ ဟိုတနေ့က မစ်ချ်မက်ကော်နယ်နဲ့ သံအမတ်ကြီး ဗိုက်ဒါ တို့ တွေ့ဆုံပွဲကလည်း ပြောလို့ရတယ်။ NUG ၊ NUCC နဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းကို အမြန်ဆုံးပြန်ရောက်အောင်လုပ်ဖို့ ဆိုတဲ့ဟာက ကောင်းတဲ့ အလားအလာလို့မြင်တယ်။"
ဧပြီ ၅ ရက်နေ့က အလုံမြို့နယ်က မူကြိုကျောင်းတစ်ကျောင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အသက် ၃ နှစ်သာရှိသေးတဲ့ မောင်သန့်ဘုန်းဝေယံကို ဝင်ရောက်ဖမ်းဆီးသွားတဲ့ကိစ္စနဲ့ပတ်သက်လို့တော့ အဲဒီ ကလေးဟာ အသက် ငယ်လွန်းလှတဲ့အတွက် စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ပြင်းထန်စွာ ထိခိုက်နိုင်ပါတယ်။
ဒါဟာ ကလေးသူငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဖျက်ဆီးတဲ့ပြစ်မှုဖြစ်တယ်လို့ ဒေါက်တာ ဇော်ဝေစိုးက ဝေဖန်လိုက်ပါတယ်။
“ကလေးရဲ့ ဦးနှောက်ကြီးထွားမှု ဖြစ်ပေါ်နေတဲ့အချိန် ဒီအချိန်ဟာ အရေးအကြီးဆုံးအချိန်။ လူတစ်ယောက်က ဦးနှောက်ကြီးထွားမှု အရေးကြီးဆုံးအချိန် ၂နှစ်၊ ၃နှစ်၊ ၄နှစ်ဟာ အရေးကြီးဆုံးအချိန်။ ဒီလိုအချိန်မှာ changes တွေ၊ damage တွေ ဖြစ်သွားတာဟာ အရမ်းကို ထိခိုက်ပါတယ်။ ဦးနှောက်ရဲ့ ကြီးထွားမှုအတွက် တော်တော့်ကို ဆိုးရွားပါတယ်။ အခုဆိုရင် ဒါက Crime against humanity, War Crime and also Crime against Children Development လို့တောင်ပြောလို့ရတယ်။”
စစ်ကောင်စီရဲ့ဖိနှိပ်ချေမှုန်းမှုတွေကြောင့် ပြည်သူတွေရဲ့ နာကြည်းမှုတွေက အထွတ်အထိပ်ကို ရောက်ရှိလာနေပြီဖြစ်ပြီး နွေဦးတော်လှန်ရေးဟာအရှိန်အဟုန် ပိုမိုမြင့်မားလာနေပြီဖြစ်တယ်လို့လည်း ဒေါက်တာ ဇော်ဝေစိုး ကပြောပါတယ်။
“အိမ်မရှိတော့ဘူး၊ ရွာမှာ မီးလောင်နေတယ်၊ နွားတွေလည်း မရှိတော့ဘူး၊ အိမ်မှာ မွေးထားတဲ့ ကြက်နဲ့ ဝက်တွေလည်း မရှိတော့ဘူး။ အဲလို လူတွေက အများကြီး။ အဲလိုလူတွေရဲ့ စိတ်ထဲမှာ မင်းအောင်လှိုင်ကိုလက်ခံမလား မင်းအောင်လှိုင်ကို အပြတ်ရှင်းချင်မလား ဆိုတာ ရှင်းရှင်းလေးပဲ။ မြန်မာပြည်မှာ ရှိတဲ့ ကိုးဆယ်၊ ကိုးဆယ်ငါး ရာခိုင်နှုန်းသည် ဒါဘာကြောင့်ဖြစ်လဲဆိုတာ မသိတဲ့သူ တစ်ယောက်မှ မရှိဘူး။ စစ်ကိုင်းဆိုရင် ခလေးတွေကော လူကြီးတွေကော ဒီတော်လှန်ရေးမှာ မပါတဲ့သူ မရှိဘူး။ အဲလိုလူ ကိုးဆယ့်ငါးရာခိုင်နှုန်း၊ ကိုးဆယ့်ကိုး ရာခိုင်နှုန်းကို ဒီ တစ်ရာခိုင်နှုန်း နှစ်ရာခိုင်နှုန်းက ဘယ်လောက်ကြာကြာလုပ်နိုင်မှာလဲ။ သေချာတယ် ဒီပွဲဟာ ပြီးမှာ။ လုံးဝသေချာတယ် ဒီပွဲက ပြီးမှာ။ ဒါ့အပြင် ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင်တွေ၊ တော်လှန်ရေး အဖွဲ့တွေနေရာကနေ စဉ်းစားကြည့်ရအောင်။ ဖက်ဒရယ်ကို လိုချင်လို့ လုပ်လာတာ အနှစ် ၇ဝ ရှိပြီ။ သူတို့အတွက် အကောင်းဆုံး အချိန်က ဒီနေ့ မဟုတ်လို့ ဘယ်နေ့ဖြစ်မလဲ။”
တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ NUG အကြား ဆက်ဆံရေး တစ်နေ့တခြား တိုးတက်နေကြောင်းနဲ့ လက်ရှိ NUG ဝန်ကြီး ဦးအောင်မျိုးမင်း နဲ့ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး တို့ရဲ့ အမေရိကန်ခရီးစဉ်ကနေ အောင်မြင်မှုတွေရရှိမယ်လို့ ယူဆကြောင်းလည်း ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး က RFA ကိုပြောပါတယ်။
အခုလို ဒေါက်တာ ဇော်ဝေစိုးရဲ့ပြောကြားချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်ချက်တွေကိုတော့ လတ်တလော မရရှိနိုင်သေးပါဘူး။