မန္တလေး NLD ရုံးက ဒေါ်အောင်ဆန်းစုကြည် ပန်းချီကားများ ဖျက်ဆီးခံရ
မန္တလေးတိုင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရုံးထဲက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူပန်းချီကားတွေ အောက်တို ဘာလ ၁၇ ရက်နေ့ညက ဖျက်ဆီးခံလိုက်ရတယ်လို့ ပါတီနဲ့နီးစပ်သူတွေက ပြောပါတယ်။
- 2021-10-19
-
-
-
မန္တလေးတိုင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရုံးထဲက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ရဲ့ ပုံတူပန်းချီကားတွေ အောက်တိုဘာလ ၁၇ ရက်နေ့ညက ဖျက်ဆီးခံလိုက်ရတယ်လို့ ပါတီနဲ့ နီးစပ်သူတွေကပြောပါတယ်။
အဲဒီ NLD ပါတီတိုင်းရုံးဟာ စစ်တပ်ကအာဏာသိမ်းပြီးကတည်းက ချိတ်ပိတ်ခံထားရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ NLD ပါတီနဲ့ နီးစပ်သူတစ်ဦးက RFA ကိုပြောပါတယ်။
“ညပိုင်းမှာလာဖျက်သွားတာ ဘယ်သူတွေလဲတော့မသိရဘူး၊ အနီးအနားကသူတွေလည်း ကြောက်ကြ တော့ မပြောရဲကြဘူး၊ ပထမထပ်နဲ့ နံရံက ပန်းချီကား သုံး၊ လေးခုလောက်ရှိမယ် ဖျက်ဆီးပြီး ရုံးအပေါက် အပြင်ဘက် လှေကားမှာ ပုံချသွားတာ၊ အချို့ပန်းချီကားတွေကတော့ အခန်းထဲမှာ သော့ခတ်ထားတော့ လုံခြုံမယ်ထင်ပါတယ်၊ တလောကလည်း ပါတီရုံးထဲက ပစ္စည်းတွေခိုးခံရတာတွေရှိတယ်” လို့ ဆိုပါတယ်။
အခု ဖျက်ဆီးခံလိုက်ရတဲ့ ပန်းချီကားတွေထဲဟာ ပန်းချီဆရာ အောင်မင်းနဲ့ ဆရာကျော်သီဟတို့ရဲ့ ပန်းချီ ကားတွေဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့ ပန်းချီကားတစ်ချပ်လည်း ပါဝင်တယ်လို့ ပါတီနဲ့နီးစပ်သူကပြောပါတယ်။
အောက်တိုဘာလ ၁၄ ရက်နေ့ကလည်း မန္တလေးမြို့ မစိုးရိမ်ကံတက်ကုန်း ဘုန်းကြီးကျောင်းထဲမှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူအင်္ဂတေရုပ်တုကို အမည်မသိလူတစ်စုက ဝင်ရောက်ဖျက်ဆီးသွားပါတယ်။