ငလျင်ကြောင့် သေဆုံးသူအရေအတွက် ဆက်လက်မြင့်တက်နေ

ကူညီကယ်ဆယ်ရေးအဖွဲ့တွေက အပျက်အစီးပုံတွေကြား ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေနေပြီး ခုချိန်အထိ သေဆုံးနေတဲ့ ရုပ်အလောင်းတွေကို တွေ့ရှိနေဆဲဖြစ်ပါတယ်။

မန္တလေးမြို့ Sky Villa အဆောက်အအုံမှ အမျိုးသမီးရုပ်အလောင်းတစ်ခုအား ၂၀၂၅ ခုနှစ် မေလ ၂ ရက်တွင် သယ်ယူလာစဉ်။ Myanmar Fire Services

ငလျင်လှုပ်ခတ်ပြီး တစ်လကြာတဲ့အထိ သေဆုံးသူတွေ ဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး မေလ ၁ ရက်အထိ ၃၈၃၅ ဦးသေဆုံးသွားပြီလို့  စစ်ကောင်စီက မေလ ၂ ရက်နေ့မှာ နိုင်ငံပိုင်သတင်းစာတွေကတစ်ဆင့် ထုတ်ပြန်ပါတယ်။

ဒဏ်ရာရသူကလည်း ၅၁၀၅ ဦးရှိပြီး ပျောက်ဆုံးနေသူ ၁၀၅ ဦးရှိပါတယ်။

ကူညီကယ်ဆယ်ရေးအဖွဲ့တွေက အပျက်အစီးပုံတွေကြား ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေနေပြီး ခုချိန်အထိ သေဆုံးနေတဲ့ ရုပ်အလောင်းတွေကို တွေ့ရှိနေဆဲဖြစ်ပါတယ်။

မေလ ၂ရက်မနက်ပိုင်းမှာလည်း မန္တလေးမြို့က Sky Villa အဆောက်အအုံပျက်ထဲက သေဆုံးနေသူ အမျိုးသမီးတစ်ဦးရဲ့ ရုပ်အလောင်းကို ထုတ်ယူခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီအပြင် ငလျင်လှုပ်ခတ်ချိန်မှာ ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး ဆေးကုသမှုခံယူရင်း သေဆုံးသူတွေလည်း ရှိနေတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက RFA ကိုပြောပါတယ်။

စစ်ကောင်စီရဲ့ အချက်အလက်တွေအရ ငလျင်ကြောင့် နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ ရှမ်းပြည်နယ် အပါ အဝင် တိုင်းနဲ့ပြည်နယ် ဆယ်ခုမှာ ဧပြီလ ၂၄ ရက်နေ့အထိ နေအိမ်ပေါင်း ၆၃၈၅၄လုံး ပျက်စီးခဲ့ရသလို လူဦးရေ ၆၂၉၂၀၆ ဦး ငလျင်ဒဏ်ခံခဲ့ရပါတယ်။

ဧပြီလ ၂၅ ရက်နေ့အထိ နိုင်ငံပေါင်း ၂၆ နိုင်ငံက အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင် ၂၀၉၅ ဦး ရောက်ရှိခဲ့ပြီး ထောက်ပံ့ရေးနဲ့ ကယ်ဆယ်ရေးပစ္စည်း တန်ချိန် ၃၈၃၃ ဒသမ ၈၄ တန်ရရှိထားပါတယ်။

ဒီအပြင် ဧပြီလ ၂၄ ရက်နေ့အထိ ပြည်တွင်း၊ ပြည်ပ အလှူရှင်တွေဆီက ကျပ်ငွေ ၁၁၅ ဒသမ ၈၇၆ ဘီလီယံကျော်၊ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၃၇ သန်းကျော်၊ ကိုရီးယားဝမ် ငါးသန်း၊ အိန္ဒိယရူပီး ၁၅ သန်း၊ ထိုင်းဘတ်နှစ်သန်းနဲ့ စင်ကာပူဒေါ်လာ ၃၁၅၀ တို့ကို ရရှိထားပြီး ပြန်လည်ထူထောင်ရေးတွေမှာ အသုံးပြုနေတယ်လို့လည်း စစ်ကောင်စီက ပြောဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org