အရှေ့အာရှဒေသ လုံခြုံရေးရာဆိုင်ရာ ဆွေးနွေးပွဲ မြန်မာ့နိုင်ငံရေး ကိစ္စဆွေးနွေးမည်

မြန်မာနိုင်ငံက နိုင်ငံရေး အပြောင်းအလဲကိစ္စကို အရှေ့အာရှဒေသ လုံခြုံရေးရာဆိုင်ရာ အမေရိကန်နဲ့ အိန္ဒိယအစိုးရတို့ ဆွေးနွေးပွဲမှာ အဓိက အကြောင်းအရာတစ်ခုအဖြစ် ထည့်သွင်း ဆွေးနွေးကြမယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ချူလာလောင်ကွန်း တက္ကသိုလ်မှာ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့က ကျင်းပတဲ့ အမေရိကန် နိုင်ငံခြားရေး မူဝါဒ ဆိုင်ရာ ဟောပြောပွဲမှာ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး အရှေ့အာရှနဲ့ ပစိဖိတ် ရေးရာ ဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell က ပြောကြားနေစဉ်။ (ဓါတ်ပုံ - RFA) RFA

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အာရှနဲ့ ပစ္စဖိတ်ဒေသဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell နဲ့ အိန္ဒိယအစိုးရ အရှေ့အာရှဒေသဆိုင်ရာ အကြီးအကဲ Gautam Bambawale တို့ဟာ ဒီကနေ့ နယူးဒေလီမြို့မှာ တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရပြီး လွှတ်တော်ထဲ ဝင်ရောက်တော့မယ့် နိုင်ငံရေး အခြေအနေနဲ့ အိန္ဒိယနိုင်ငံရဲ့ အရှေ့မျှော်မူဝါဒ ဆက်စပ်မှု၊ သက်ရောက်မှုနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ ဒေသတွင်း နိုင်ငံရေး အခြေအနေကိုလည်း ထည့်သွင်းဆွေးနွေးမယ်လို့ ဆိုပါတယ်။

အရှေ့အာရှနဲ့ အရှေ့တောင်အာရှဒေသဟာ အမေရိကန်နဲ့ အိန္ဒိယ နှစ်နိုင်ငံစလုံးရဲ့ နိုင်ငံခြားရေးမူဝါဒမှာ ထိပ်တန်းက ပါဝင်လာမှာ ဖြစ်တဲ့အတွက် အိန္ဒိယနဲ့ အမေရိကန် နှစ်နိုင်ငံစလုံးဟာ ဒေသတွင်းလုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ညှိနှိုင်း ဆွေးနွေးကြမှာလို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org