ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲနဲ့ ဈေးရောင်းပွဲတော် ကျင်းပမယ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်က ကြီးမှူးကျင်းပမယ့် ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေး ရန်ပုံငွေ ဂီတဖျော်ဖြေပွဲနဲ့ ဈေးရောင်းပွဲတော်အကြောင်း သတင်းစာရှင်းလင်းပွဲ တစ်ရပ် ဒီကနေ့ မနက် ၁၀ နာရီက Sakura tower အပေါ်ထပ် အစည်းအဝေးခန်းမမှာ ကျင်းပခဲ့ရာမှာ ပရိသတ် တစ်ရာကျော် တက်ရောက်ခဲ့ကြပါတယ်။

၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့က ရန်ကုန်မြို့ ပြည်လမ်း ယုဒသန်ရိပ်သာတွင် ကျင်းပသည့် ပညာရေးကွန်ယက် ရန်ပုံငွေ ဈေးရောင်းပွဲတော်ကို ဒေါ်အောင်ဆန်းစုကြည်က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးနေစဉ်။ RFA

ဒီအခမ်းအနားမှာ ဆရာဦးဝင်းတင်က အမှာစကား ပြောကြားပြီး အခမ်းအနား စီစဉ်သူ ဦးဇော်ဝင်း၊ အဆိုတော် ဆောင်းဦးလှိုင်တို့ကလည်း ဂီတပွဲတော် ဖြစ်မြောက်လာပုံကို ရှင်းလင်းပြောကြားကြပါတယ်။

ဦးဇော်ဝင်းက ပြောကြားရာမှာ နိုဝင်ဘာ ၂၅ ရက်က တေးဂီတပညာရှင်များနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ်က တိုင်းပြုပြည်ပြု ဇာတိသွေးဇာတိမာန် တက်ကြွစေမယ့် တေးသီချင်းတွေ၊ လူငယ်တွေ တိုင်းကျိုးပြည်ကျိူး ဆောင်ချင်စိတ် နိုးကြွစေမယ့် တေးသီချင်းတွေ ပြုစုထုတ်လုပ်ဖို့ ပြောကြားခဲ့ကြောင်း၊ ဒါပေမယ့် စာနယ်ဇင်းတချို့က ရွေးကောက်ပွဲ အောင်နိုင်ရေး တေးသီချင်းခွေ ထုတ်လုပ်ဖို့ တွေ့ဆုံတာလို့ မှားယွင်း ဖော်ပြခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြံပြုချက်ကို သဘောတူ ထောက်ခံတဲ့အတွက် အခုလို ဂီတဖျော်ဖြေပွဲ ဖြစ်မြောက်လာကြောင်း ပြောကြားခဲ့ပါတယ်။

တိုင်းရင်းသားများ ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲ ပြုလုပ်မယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး ရန်ကုန် သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်းမှာ ဒီဇင်ဘာ ၁၅ ရက် ညနေ သုံးနာရီက ည ဆယ်နာရီအထိ ကျင်းပမှာဖြစ်ကြောင်း၊ နာမည်ကြီး အဆိုတော်တွေ တေးဂီတပညာရှင်ပေါင်းများစွာ ပါမှာဖြစ်ကြောင်း ပြန်ကြားရေး တာဝန်ခံ ဦးအုံးကြိုင်က ပြောပြပါတယ်။

ဒီဂီတပွဲတော်မှာ Emperor , Lazy Club , spectrum စတဲ့ ဂီတအဖွဲ့တွေ ပါဝင်တီးခတ်ကြမယ်လို့ သိရပါတယ်။ ရန်ကုန်မြို့မှာ အောင်အောင်မြင်မြင် ကျင်းပပြီးစီးရင် မန္တလေးမြို့မှာလည်း အလားတူပွဲမျိုး ကျင်းပဖို့ရှိတယ်လို့ ပွဲဖြစ်မြောက်ရေး စီစဉ်သူတစ်ဦးဖြစ်တဲ့ ဦးဇော်ဝင်းက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org