ပညာရေးကဏ္ဍကို မူလတန်းအဆင့်က စတင်ပျိုးထောင်ဖို့ လိုအပ်

မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍမှာ မူလတန်းအဆင့်ကနေ စတင်ပြီး အသိပညာ ဗဟုသုတရရှိရေး ဘာသာရပ်တွေကို သင်ရိုးညွှန်းတန်းထဲ မှာ ထည့်သွင်းသင်ကြားသင့်တယ်လို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး က ဒီနေ့ ပြောကြားလိုက်ပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး ဘူတန်နိုင်ငံကို သွားရောက်ခဲ့တဲ့အတွေ့အကြုံ ရှင်းလင်းပွဲပြုလုပ်စဉ် Photo : RFA/ Sai Htun Aung Lwin

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ် ဆော်လမွန်တာဝါမှာရှိတဲ့ LRC ဖွံ့ဖြိုးရေး မဏ္ဍိုင်သင်တန်းကျောင်းမှာ ဒီနေ့မနက်ပိုင်းက ကျင်းပတဲ့ ဘူတန်နိုင်ငံကို သွားရောက်ခဲ့တဲ့ အတွေ့အကြုံ ရှင်းလင်းပွဲမှာ ပြောကြားသွားတာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းက သွားရောက်ခဲ့တဲ့ ဘူတန်နိုင်ငံခရီးစဉ်မှာ သူလေ့လာခဲ့ရတဲ့ ပညာရေးအတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး  ဦးကိုကိုကြီး က RFA ကို အခုလိုပြောပါတယ်။

"သင်ရိုးညွှန်းတမ်းမှာ အထူးသဖြင့်တော့ မူလတန်းပညာရေးက ကလေးတွေကို အုပ်မြစ်ချတဲ့ အချိန်ပေါ့၊ လူ့အဖွဲ့အစည်းမှာ တန်ဖိုးထားအပ်တဲ့ အရာတွေကို ကလေးဘဝမှာကတည်းက သင်ယူနိုင်ဖို့အတွက်ကို သင်ရိုးညွှန်းတမ်းမှာကတည်းက ထည့်သွင်းရေးဆွဲဖို့ ဒါတွေကိုဆွေးနွေးနေကြတယ်၊ နောက်တစ်ခုက သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးဖို့ပါ"

နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအပိုင်းမှာ ပညာရေးကဏ္ဍကလည်း အရေးပါတဲ့အပြင် အခြားပြင်ပ ဗဟုသုတတွေကလည်း လူတစ်ယောက်ရဲ့ စွမ်းဆောင်မှုပိုင်းတွေကို ထိရောက်တဲ့ အကျိုးရလဒ်တွေ ဖြစ်ပေါ်စေတဲ့ အကြောင်းတွေကို ဆွေးနွေးပြောဆိုသွားပါတယ်။

ဒီကနေ့ဆွေးနွေးပွဲကို အရပ်ဘက်လူမှုအဖွဲ့အစည်းအသီးသီးက ပညာရှင်အချို့လည်း တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org