ရမ်းဗြဲမြို့ ဒေသခံ ရှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့က ဒေသခံရှစ်ဦးကို စစ်ကောင်စီတပ်သားတွေက အောက်တိုဘာလ ၁၅ ရက်မနေ့က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
- 2022-10-16
-
-
-
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့က ဒေသခံရှစ်ဦးကို စစ်ကောင်စီတပ်သားတွေက အောက်တိုဘာ လ ၁၅ ရက်မနေ့က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ရမ်းဗြဲမြို့က စစ်မှုထမ်းဟောင်းတစ်ဦး ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ (၃၀၈) က တပ်သားတွေနဲ့ ရမ်းဗြဲမြို့ ရဲစခန်းက ရဲတွေက ဒေသခံရှစ်ဦးကို ဖမ်းဆီးခဲ့ တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရမ်းဗြဲမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"စစ်မှုထမ်းဟောင်းတစ်ယောက်ကို AA က ဖမ်းဆီးသွားပြီးနောက် အဲဒီအနီးနားမှာ ရှိတဲ့လူတွေကို စစ်ကောင်စီက လာပြီးဖမ်းဆီးသွားတယ်လို့ သိရတယ်။ လက်ရှိ သူတို့ ဘယ်ခေါ်သွားတယ်တော့ မသိရဘူး။ မိသားစုဝင်တွေကိုလည်း အကြောင်းမကြားဘူး"
ရမ်းဗြဲမြို့ပေါ်က အသက် ၃၈ နှစ်အရွယ် ဦးကျော်မင်းဟန် နဲ့ အသက် ၁၉ နှစ်အရွယ် ကိုမျိုးအောင်ထက်၊ အသက် ၃၄ နှစ်အရွယ် ဦးသက်နိုင်ထွန်း၊ ဦးမျိုးမင်း၊ အသက် ၃၆ နှစ်အရွယ် ဦးကိုကိုအောင်၊ အသက် ၅၈ နှစ်အရွယ် ဦးစံလင်း၊ ဦးထွန်းထွန်းအောင်တို့ ဖမ်းဆီးခံလိုက်ရတာပါ။
နောက်ထပ်ဖမ်းဆီးခံရတဲ့ အမျိုးသားတစ်ဦးရဲ့ အမည်နဲ့အသက်အရွယ်ကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အရပ်သားတွေကို ဖမ်းဆီးခဲ့တာနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းကို RFA က ဒီကနေ့ ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီတပ်ရဲ့ ဗိုလ်ကြီးဟောင်း ဦးထွန်းကြည်ကို ရက္ခိုင့်တပ်တော် (AA) က ယခုရက် ပိုင်းအတွင်း ဖမ်းဆီးခဲ့တယ်လို့ သတင်းထွက်ပေါ်ပြီးနောက် အရပ်သားတွေ အခုလို ဖမ်းဆီး ခံရတာလို့ ဒေသခံတွေက ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ AA က သတင်းတစ်စုံတစ်ရာ ထုတ်ပြန်ထားတာမရှိသလို RFA က AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ် စစ်တွေနဲ့ တောင်ကုတ်မြို့နယ်တွေမှာလည်း အရပ်သားတွေ ဆက်တိုက်ဖမ်းဆီးခံနေရတာပါ။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ AA အကြား ယခုနှစ် မေလနောက်ပိုင်း စစ်ရေးတင်းမာ မှုတွေဖြစ်လာပြီး အပြန်အလှန်ဖမ်းဆီးမှုတွေနဲ့ ထိတွေ့ပစ်ခတ်မှုတွေဖြစ်ပေါ်နေပါတယ်။